Connect with us

Politics, Law & Military

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ရက် ၉၀ တိုးရန် ပြည်ထောင်စု လွှတ်တော်သို့ အဆိုတင်သွင်း

ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံ တိုးရန် မေလ ၁၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့တို့ သုံးလကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံ တိုးရန် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ယနေ့ မေလ ၁၄ ရက် နေ့တွင် တင်ပြထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ကိုးကန့်ဒေသကို ယခင် စစ်အုပ်ချုပ်ရေး ရက် ၉၀ မှ နောက်ထပ် ရက် ၉၀တိုးမြှင့်ရန် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ယနေ့ တင်ပြခဲ့သည်။

နိုင်ငံတော် သမ္မတက တာဝန် ပေးအပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးက နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ် (၁ /၂၀၁၅) အရေးပေါ် အခြေအနေ ကြေညာခြင်း အပေါ် ထပ်မံ၍ ရက်ပေါင်း ၉၀ အထိ ဆက်လက် အတည် ဖြစ်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက် ရရှိရန် အဆိုကို မေလ ၁၅ ရက်နေ့တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စတင်ပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မှုသည် ယခု မေလ ၁၇ ရက်နေ့တွင် ရက် ၉၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်းနှင့် ယင်း ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်ရန် တင်ပြခြင်းဖြစ်သည်။

မြန်မာ တပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း ဧပြီလ ၁၉ ရက်နေ့ထိ မြန်မာ့ တပ်မတော်မှ စစ်သည် ၁၂၆ ဦး ကျဆုံးပြီး ၃၅၉ ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနမှ တရားဝင် ထုတ်ပြန်သည်။

အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့သည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ထိ ထိတွေ့မှုပေါင်း ၂၅၃ ကြိမ်ရှိခဲ့ပြီး ကိုးကန့်တပ်ဖွဲ့မှ အလောင်း ၇၄ လောင်းနှင့် ၂၂ ဦး ဖမ်းဆီးရမိခဲ့သည်။

လက်ရှိ အချိန်ထိ မြန်မာ့ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွား လျှက်ရှိသည်။ (Xinhua)