Connect with us

Politics, Law & Military

သမ္မတသစ်နှင့် အစိုးရအဖွဲ့ထံ သမိုင်းဝင် တာဝန် လွှဲပြောင်း

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော်ထံ တာဝန်လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ယနေ့ နိုင်ငံတော် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသော ဦးထင်ကျော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုသော ပင်နီတိုက်ပုံ အင်္ကျီ ဝတ်ဆင်ထားပြီး ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေသည် အဖြူရောင် တိုက်ပုံနှင့် အစိမ်းရောင် ပုဆိုးကို ဝတ်ဆင်ကာ ဒုတိယ သမ္မတ (၂) ဦးဟန်နရီ ဗန်ထီးယူသည် ချင်းအမျိုးသား ဝတ်စုံကို ဝတ်ဆင်လျက် ပြည်ထောင်စု လွှတ်တော်အတွင်း၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်များကို ကိုင်ဆောင်ပြီး နာယက ဦးမန်းဝင်းခိုင်သန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များရှေ့တွင် ကတိသစ္စာပြု ခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက တိုင်ပေးသော ကတိသစ္စာကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၆၅) အရ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဦးဟန်နရီဗန်ထီးယူတို့ က အောက်ပါအတိုင်း ကတိပြုခဲ့ကြသည်။

ကျွန်ုပ် (——) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။
ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက်ပါမည်။

ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်ဟု နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ကတိပြုကြသည်။
ထိုသို့ ကတိသစ္စာ ပြုပြီးနောက် မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်သည် ပထမဆုံး အကြိမ် ပြည်ထောင်စု လွှတ်တော်မှ ပြည်သူလူ ထုထံ မိန့်ခွန်း ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ကတိသစ္စာပြုပြီး ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို မိနစ် ၂၀ ရပ်နားခဲ့သည်။
အဆိုပါ ကတိသစ္စာပြု အခမ်းအနား ကျင်းပရာ ပြည်ထောင်စု လွှတ်တော်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လည်း တက်ရောက်ခဲ့သည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ် ၆၅၂ ဦး ရှိရာ ၆၄၆ ဦး တက်ရောက်ပြီး နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြု အခမ်းအနားသို့ ပြည်သူ ၃,၀၀၀ ကျော် လာရောက် လေ့လာခဲ့ကြသည်။
ပြည်သူများ ရွေးချယ်မှုဖြင့် ပေါ်ပေါက်လာသော သမ္မတ ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများ၏ ကတိသစ္စာပြုပွဲ အခမ်းအနားကို ပြည်တွင်းပြည်ပက စိတ်ဝင်စားလျက်ရှိသည်။
နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြုပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန သမ္မတရုံး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပညာရေး ဝန်ကြီးဌာန လေးခု၏ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ပို့ဆောင်ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ၊ သာသနာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ၊ စီမံကိန်းနှင့် ဘဏ္ဌာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိ သစ္စာပြုခဲ့ကြသည်။
ယင်း ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးအပြင် နိုင်ငံတော် သမ္မတ ပေးပို့ ခန့်အပ်လာသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညီညီ ၊ ဦးမြင့်ဝင်း ၊ ဦးမျိုးမြင့် ၊ ဦးခင်မောင်ချို ၊ ဒေါ်ခင်ဌေးကြွယ် ၊ ဦးတွာလ်ကျင်ပေါင် ၊ ဒေါ်လှမျိုးနွယ် ၊ ဦးကျော်ဆန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် အဖွဲ့ဝင်များ အဖြစ် ဦးအောင်မြင့် ၊ ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့် တို့သည်လည်း ယနေ့ ကတိသစ္စာ ပြုခဲ့သည်။
ထို့နောက်တွင်မူ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ၂ မိနစ်ကျော် ကြာသော မိန့်ခွန်းကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်တွင် ပထမဆုံး ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသားတို့ မျှော်လင့်နေသော သမ္မတသစ်၏ မိန့်ခွန်းတွင်
လွှတ်တော်နာယကကြီး၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ တက်ရောက်လာသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား ဒီပြည်ထောင်စု လွှတ်တော်က ကျွန်တော့်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် တင်မြောက်ခံရတာဟာ အထင်ကရ သမိုင်းဝင် ဖြစ်ရပ်ကြီး တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော် များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့ အညီ ကျွန်တော်က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူဝါဒများနဲ့ ကိုက်ညီစွာဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ယခုအစိုးရသစ် အနေဖြင့် အောက်ပါ မူဝါဒများ ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့ကို ရှေးရှူတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့လူနေမှုဘဝ အဆင့် အတန်း တိုးတက်မြင့်မားရေး တို့ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
လွှတ်တော်နာယကကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက်လာသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများခင်ဗျား ဒီနေ့ ဒီအချိန်မှာ လေးနက်စွာ တင်ပြလိုတဲ့ အချက်တစ်ခုရှိပါ တယ်။ ဒီအချက်ကတော့ မကြာမီကဘဲ ကျွန်တော်ဟာ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာ ပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ ကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ် နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီ စံချိန် စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ
ပြည်သူလူထု လိုလား တောင့်တနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင် အထည် ဖော်လာရေး အတွက် စိတ်ရှည် သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။
နိဂုံးချုပ် အားဖြင့် တင်ပြချင်တာကတော့ အခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသား အားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ ဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ ဟု သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ကိုးဆက်မြောက် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း၌ ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ထည့်သွင်း ပြောကြားမှုသည် ပြည်သူလူထု အဓိက လိုလားတောင့်တချက် တစ်ခု ဖြစ်သည်။
” သမ္မတသစ် ပထမဆုံး လုပ်မယ့် ကိစ္စတွေကို လူထုက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ၊ ကောင်းသော အပြောင်းအလဲတွေကို စောင့်နေကြတာပါ၊ ဒီနေ့ အရမ်းပျော်ရပါတယ် ၊ သမ္မတသစ်အတွက်”ဟု ကုန်သည် တစ်ဦးက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကတိသစ္စာပြုထားသော သမ္မတသစ် ဦးထင်ကျော်သည် သမ္မတအိမ်တော်တွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နိုင်ငံတော် သမ္မတ တာဝန် လွှဲပြောင်းရေး အခမ်းအနား ပြုလုပ်ခဲ့သည်။
နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နှင့် နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်သည် ဝန်ကြီးသစ်နှင့် ဝန်ကြီးဟောင်းများကို နှုတ်ဆက်ကြပြီး သမ္မတဟောင်း ဦးသိန်းစိန်မှ ဦးထင်ကျော်အား အာဏာလွှဲပြောင်းသော ကြေညာချက်နှင့် နိုင်ငံတော် သမ္မတ အဆောင်အယောင်ဖြစ်သော ရွှေစလွယ်ကို ပေးအပ်ကာ အာဏာလွှဲပြောင်းသော အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အာဏာ လွှဲပြောင်းသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။
“အစိုးရဟောင်းက အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးတယ်၊ တိုင်းပြည်ကောင်းအောင် အစိုးရသစ်ကလဲ လက်တွဲ လုပ်ဆောင်တယ် ၊ ပြည်သူလူထု အောင်ပွဲပါ ဒီရလဒ်တွေက”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

သမ္မတ ဦးထင်ကျော် အစိုးရသည် ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား အရေးတို့နှင့် ဖွံ့ဖြိုးမှု နည်းသေးသော တိုင်းပြည်ကို မည်သို့ တိုးတက်အောင် ဆောင်ရွက်မည်နည်း၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ မည်သို့ လုပ်ပေးမည်နည်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုများ NLD အစိုးရ လက်ထက်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် မည်ကဲ့သို့ စီးပွားရေး မူဝါဒများနှင့် ဆောင်ရွက်မည်နည်း၊ ပညာရေးနှင့် ကျန်းမာရေး အသုံးစ ရိတ်များ မြင့်မားလာရန် မည်သည်တို့ လုပ်ဆောင်ပေးမည်နည်း၊ အဂတိ လိုက်စားမှုများကို မည်သို့ ကိုင်တွယ် မည်နည်း ဆိုသည်နှင့် ပြည်သူများ၏ နေ့စဉ်ဘဝ များလုံခြုံမှုရှိလာရန် တရားဥပဒေ စိုးမိုးရေး ကိစ္စများကိုလည်း လူထုက စိတ်ဝင်စား စောင့်ကြည့်လျက် ရှိသည်။
“အဂတိလိုက်စားမှုကို အစိုးရသစ် ကိုင်တွယ်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လစာ အခြေအနေကို ပြင်ဆင်ဖို့လိုသလို ကုန်ဈေးနှုန်းကိုလည်း ထိန်းပေးရမယ်”ဟု စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။
သမ္မတသစ်နှင့် အစိုးရသစ်ထံ သမ္မတဟောင်းနှင့် အစိုးရဟောင်းတို့သည် ယနေ့ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းပေးခဲ့ပြီး သမ္မတသစ်နှင့် အစိုးရသစ်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ငြိမ်းချမ်းပျော်ရွှင်စွာ ဖြင့် ယနေ့ခရီး စတင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.