Connect with us

Politics, Law & Military

အဂတိ ကော်မရှင်ကြောင့် ဘဏ္ဍာငွေ ကန်ဒေါ်လာ လေးသန်းကျော် ပြန်လည်ရရှိ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုကြောင့် မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

“ကော်မရှင်ရဲ့ စုံစမ်း စစ်ဆေးမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများတွင် ဆုံးရှုံးမှု ဖြစ်နိုင်ဖွယ်ရှိသော မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့ အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်” ဟု ကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သည် ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းစီမံချက် ခုနစ်ရပ်ကို ရေးဆွဲ ချမှတ်ပြီး မဟာဗျူဟာ စီမံချက် ကာလတို (၂၀၁၈ – ၂၀၂၁ )ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာပေါင်း ၁၀,၅၄၃ စောင် ရရှိခဲ့သည်။ အဆိုပါ အရေအတွက်မှာ ယမန်နှစ်ကထက် ငါးဆမျှ ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင် ရှိပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များသို့ လွှဲပြောင်း ပေးပို့သော တိုင်ကြားစာ ၁,၇၉၅ စောင် ရှိကြောင်း၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေး အကြံပြုခဲ့ သော တိုင်ကြားစာ ၅,၂၈၆ စောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အကျုံးမဝင်သော တိုင်ကြားစာ ၂,၈၂၄ စောင်တို့အား ပြည်သူ တစ်ဦးချင်းထံ ပြန်ကြားပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနနှင့်အစိုးရအဖွဲ့အစည်းများသို့လွှဲပြောင်း ပေးပို့ခဲ့သော တိုင်ကြားစာများနှင့် ပတ်သက်၍ နိုင်ငံ့ ဝန်ထမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားသည့် အရေအတွက်မှာ ၅၃၈ စောင် ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဌက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

“ကော်မရှင်အနနဲ့ တစ်နိုင်ငံလုံး အဂတိလိုက်စားမှုများကို မပြတ် စောင့်ကြည့်ရေးနဲ့ သုံးသပ် အကဲဖြတ်နိုင်ရေးအတွက် တတိယ အဖွဲ့အစည်းတစ်ခုကို လုပ်ငန်းအပ်နှံပြီး ၂၀၁၈ အောက်တိုဘာ လမှ ဒီဇင်ဘာလကုန်အထိ ချင်းပြည်နယ်မှအပ မြန်မာတစ်နိုင်ငံလုံးမှာ စစ်တမ်း ကောက်ယူခဲ့ပါ တယ်၊ စစ်တမ်းအရ အဂတိလိုက်စားမှုဟာ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ သိသိသာသာ ကျမသွားဘဲ အရင်အတိုင်း ဆက်ရှိနေတာကို တွေ့ရပါတယ်” ဟုလည်း ကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

ထိုသို ဖြစ်ရခြင်းမှာ အများပြည်သူအကျိုးထက် မိမိကိုယ်ကျိုး အတွက်သာ ဦးစားပေးသူက များနေခြင်း၊ အစဉ်အလာအတိုင်းသာ ဆက်လက် လုပ်ဆောင်လိုကြပြီး မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာ အရေးယူမှု အားနည်းခြင်းနှင့် အချို့ နေရာများတွင် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ပြည်သူများက ရှုမြင်ကြသည်ကို တွေ့ရကြောင်း၊ အဆိုပါ စစ်တမ်းအရလည်းကောင်း၊ ကော်မရှင်၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက်အပေါ် ပြန်လည် သုံးသပ်ချက်အရ လည်းကောင်း ကော်မရှင်သည်အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် ပိုမို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်လျက် ရှိပါကြောင်းလည်း ကော်မရှင် ဥက္ကဌက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.