Connect with us

Politics, Law & Military

အစိုးရသစ်လက်ထက် စီးပွားရေးကဏ္ဍတွင် တစ်နှစ်တာအတွင်း ဖြေလျှော့မှုများလုပ်ခဲ့သော်လည်း အချိန်ယူရန်လိုအပ်

နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် နိုင်ငံခြားငွေရရှိရန် ပို့ကုန်မြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာ့စီးပွားရေး ကဏ္ဍသည် အစိုးရသစ် လက်ထက်တွင် အစိုးရသစ် သက်တမ်း တစ်နှစ်ပြည့်သည့် အချိန်အထိ အစိုးရဘက်မှ ဖြေလျှော့မှုများ ပြုလုပ်ခဲ့သော်လည်း အဘက်ဘက် မှ စီးပွားရေး တိုးတက်လာစေရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် နှင့် လုပ်ငန်းရှင်တချို့မှ သုံးသပ်ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှု

အစိုးရသစ် လက်ထက် စီးပွားရေး ကဏ္ဍတွင် သိသာ ထင်ရှားသည့် ပြုပြင် ပြောင်းလဲမှုများ အဖြစ် စီးပွားရေး မူဝါဒများ ချမှတ်ခြင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေအသစ်အား အတည်ပြု ပြဌာန်း နိုင်ခြင်း ၊ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန်ဆောင်ရွက်နိုင်ခြင်း စသည့်တို သည် သိသာသည့်ပြောင်းလဲမှုများ ဖြစ်သည်။ အရေးကြီးသော အရာများဖြစ်သည့် ဘဏ္ဍာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု နှင့် စီးပွားရေးဝန်းကျင်ပြုပြင်ပြောင်းလဲမှုတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့မှ သုံးသပ်ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးနှေးကွေး

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများသည် ၂၀၁၆-၂၀၁၇ ကာလအတွင်း နှေးကွေးသွားခဲ့ရာ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခင်နှစ်က ၇.၃ ရာခိုင်နှုန်းရှိရာမှ ၆.၅ ရာခိုင်နှုန်း သို့လျော့ကျလာကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင်ပါရှိသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက “အစိုးရသစ်ရဲ့တာဝန်ယူတဲ့ ကာလအတွင်း လက်ရှိအခြေအနေအထိ စီးပွားရေးတုံ့နှေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ပြောခဲ့တာရှိတယ်။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမယ့် စီးပွားရေးက သိသာပြီး ပြောင်းမလာဘူး။ အိတ်စပို့က အားလုံးခြုံပြီးကျတာမျိုးရှိတယ်။ ဆန်အနေနဲ့ကတော့ အိတ်စပို့မကျခဲ့ဘူး။’’ ဟု ဆင်ဟွာကို ပြောသည်။မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “မြန်မာနိုင်ငံအနေနဲ့က အစစအရာရာ အသားမကျသေးလို့ စီးပွားရေးက ထင်သလိုဖြစ်မလာသေးဘူး ၊ အချိန်ယူရန် လိုအပ်နေသေးတယ်။ အစိုးရသစ် ကလည်း လိုအပ်တဲ့ ဖြေလျှော့မှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် စီးပွားရေး နလံထူဖို့ အချိန်ယူရဦးမယ်’’ ဟုဆင်ဟွာကို ပြောသည်။

နိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သောပဲစိုက်ခင်းတစ်ခု၌ တောင်သူများ ပဲနှုတ်နေကြစဉ် (ဆင်ဟွာ)

ငွေကြေးဖောင်းပွမှု

နှစ်အလိုက်ငွေကြေးဖောင်းပွမှုသည် ၇.၉၉ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၆.၉၃ ရာခိုင်နှှုန်းရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် တစ်ဒေါ်လာလျှင် ကျပ်၁၄၀၀ ကျော်အထိ အမြင့်ဆုံး မြင့်တက်ခဲ့သည်။အစိုးရ အနေဖြင့် ဘဏ္ဍာငွေ သတိထားသုံးစွဲမှုကို ထိန်းသိမ်းမည့် ခြေလှမ်းများချမှတ်ခဲ့ရာ ငွေကြေးဖောင်းပွမှု အား လျှော့ချရာတွင် ကူညီခဲ့သည့် အတွက် ၂၀၁၆ ခုနှစ် အကုန် တွင် ဒေါ်လာဈေးနှုန်း ဆက်တိုက်တက်နေမှု အားထိန်းသိမ်းနိုင်ခဲ့ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ညို (ဘောဂဗေဒ) က “ငွေကြေးဖောင်းပွမှု နဲ့ ဒေါ်လာဈေးတွေ တက်တာက နှစ်စဉ်တက်နေကျနှုန်းလို့ပဲ ထင်ပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ရွှေဆိုင်တစ်ခုရှိရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ပရင်းနှီးမြှုပ်နှံမှု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၆ ဘီလီယံလျာထားခဲ့ပြီး မတ်လ ပထမပတ်အထိ ၆.၈ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမှု ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ၉ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းအောင်ကျော်က “၂၀၁၅-၂၀၁၆ က ပြည်ပရင်းနှီးမြှုပ်နှံမှုက ၉ ဘီလီယံကျော်ရှိခဲ့တယ်။ အဲ့ဒါကလည်း စွမ်းအင်စီမံကိန်းတစ်ခုကြောင့် များသွားခဲ့တာ။ အစိုးရသစ်လက်ထက်မှာ ကျတော့ ခွင့်ပြုပေးတဲ့ ကဏ္ဍတွေက ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေးကဏ္ဍ တွေ ရင်းနှီးမြှုပ်နှံမှု များခဲ့တယ်။ သယံဇာတနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမလာဘူး။ အစိုးရသစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ဦးစားပေးကဏ္ဍထဲမှာ သယံဇာတ ရင်းနှီးမြှုပ်နှံမှုဆိုတာ မပါဘူး။ အသက်မွေးပညာကျောင်းတွေ၊ ပါဝါကဏ္ဍတွေလာတယ်။ ကိုယ်ရင်းနှီးမြှုပ်နှံလိုတဲ့ ကဏ္ဍတွေ ကိုဖိတ်ခေါ်ခဲ့တာ။ ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုက ကျဆင်းခဲ့တယ်လို့ ပြောလို့မရဘူး’’ ဟုဆင်ဟွာကိုပြောသည်။

စီးပွားရေးမြို့တော်ရန်ကုန်မြို့၏ ညဘက်ရှုခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

စတော့အိတ်ချိန်း

ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့် ပေးသွားရန် ဖော်ပြထားသဖြင့် ယင်းမှာ ရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုး ပိုရှိစေလာမည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းတွင် အစုရှယ်ယာများအား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် အရောင်းအဝယ် ပြုလုပ်ခဲ့စဉ် FMI ကုမ္ပဏီ တစ်ခုတည်းသာ ရှိခဲ့ရာမှ မတ်လကုန်အထိ ရန်ကုန်စတော့ အိတ်ချိန်း၌ လက်ရှိတွင် FMI ကုမ္ပဏီ၊ သီလဝါ အများပိုင် ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမ ပုဂ္ဂလိကဘဏ် (FPB)တို့က ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိသည်။ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအနက် ငါးခုမြောက် ကုမ္ပဏီအဖြစ် MAPCO က ရှယ်ယာအရောင်း အဝယ်များ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီး Great Horkhan ကုမ္ပဏီကလည်း စာရင်း တင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)မှ သိရသည်။

ထိုကုမ္ပဏီနှစ်ခုမှာ လာမည့် ခြောက်လအတွင်း စာရင်းတင်နိုင်မည် ဖြစ်ကြောင်း၊ စာရင်း တင်ပြီးပါက ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်ရန် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ရွေးချယ်ထားသော စာရင်းဝင် ကုမ္ပဏီ ခြောက်ခုစလုံး စာရင်းတင်နိုင်မည် ဖြစ်ကြောင်းနှင့် လတ်တလောတွင် ထပ်မံ စာရင်းတင်မည့် ကုမ္ပဏီများကို စိစစ်ထားခြင်း မရှိသေးကြောင်း သိရသည်။စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်ချိန်တွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှု တဖြည်းဖြည်းဖြင့် လျော့နည်းလာခဲ့သည်။

“စတော့အိတ်ချိန်းကို စိတ်ဝင်စားမှု လျော့နည်းတယ် ဆိုတာက စဝယ်တဲ့ အချိန်ထဲကကို သူတို့ရဲ့မျှော်မှန်းတာကို မရဘူး။ဈေးတွေ တက်မယ် ထင်ကြတယ်။တကယ်တမ်းကြတော့ စတော့က အဲလို မဟုတ်ဘူး။ရောင်းသူ ၊ ဝယ်သူ နှစ်ဦးစလုံး ဈေးနှုန်းတူတဲ့ ဟာကိုပဲ လုပ်တယ် ဆိုတဲ့ အတွက်ကြောင့် သူတို့ရဲ့စိတ်ဝင်စားမှု လျော့သွားတာပေါ့။ဒါပေမယ့် ငွေပိုငွေလျံ ရှိတဲ့သူတွေကတော့ ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှာပေါ့နော်။အဓိကတော့ စတော့အိတ်ချိန်းက ဘယ်လို ရောင်းဝယ်ရတယ်။စည်းကမ်းတွေ ဘယ်လို ရှိတယ် ဆိုတာ သူတို့ကို အသိပညာ ပေးဖို့က အရေးကြီးတယ်။အဲဒါ အတွက် စီစဉ် ဆောင်ရွက်နေတယ်။”ဟု ရန်ကုန် စတော့ အိတ်ချိန်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးယဉ်ဇော်မျိုးက ပြောသည်။

စီးပွားရေး မူဝါဒ

အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန် ရည်ရွယ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန် ဦးတည်၍ သဘာ၀ သယံဇာတ အရင်း အမြစ်များကို ရေရှည် ထိန်းသိမ်းလျက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြား မျှတ မှန်ကန်စွာ ခွဲေ၀ အသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ် ဆောင်ရွက်ရန် မျှော်မှန်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဒေါက်တာမောင်မောင်လေးက “အစိုးရသစ်လက်ထက်မှာ သံယံဇာတတွေကို ထုတ်ရောင်းချခြင်းမျိုးမလုပ်ပဲ ကုန်ထုတ်လုပ်မှုကို အားပြုနိုင်ရန် ကြိုးစားနေတာတွေ့ရတယ်။ အခုလို အစိုးရသစ်လက်ထက် အစပိုင်းကာလအချိန်တွေမှာ ငွေကြေးဖောင်းပွမှုများ တွေရှိတတ်တယ်။ ဒါကိုလည်း အစိုးရအနေနဲ့ ဖြေရှင်းဖို့ကြိုးစားနေတာတွေ့ရတယ်’’ ဟုပြောသည်။

စိန်ခေါ်မှု

အစိုးရသစ်အနေဖြင့် စီးပွားရေးကဏ္ဍများတွင် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သဘာဝဓာတ်ငွေ့ နှင့် စိုက်ပျိုးရေးကုန်စည်များကြောင့် ဖြစ်ရသည့် ပို့ကုန်ကျဆင်းမှု၊ နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်မှုများ တိုးလာခဲ့ခြင်းကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ရသည့် ဘဏ္ဍာငွေကျပ်တည်းမှုများကြောင့် အများပြည်သူကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ထင်သလောက်တိုးမလာခဲ့ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ခုနှစ်တွင် ပြည်သူ့ကဏ္ဍလိုငွေပြမှုမှာ ရှေ့တစ်နှစ်က ဂျီဒီပီ၏ ၁.၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃.၂ ရာခိုင်နှုန်း သို့မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဂျီဒီပီ၏ ၄.၅ ရာခိုင်နှုန်းအထိရောက်အောင် ထပ်တက်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

အစိုးရသစ်၏ ဒုတိယခြောက်လကာလတွင် ငွေကြေးဖောင်းပွမှု အနည်းငယ်ကျဆင်းခဲ့သော်လည်း လှည့်ပတ်စီးဆင်းနေသော ငွေကြေးထဲသို့ ငွေကြေးတိုးပွားဝင်လာမှုမြင့်တက်နေပြီး ဝယ်လိုအားဖိအား နှင့်တကွ ငွေဖောင်းပွမှုတို့ကို အရှိန်မြှင့်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စီးပွားရေး ဘယ်လိုဖြစ်နိုင်သလဲ

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ၏ ဖိအား၊ စိန်ခေါ်မှု နှင့် အတွေ့အကြုံများပေါ်အခြေခံ၍ ၂၀၁၇-၂၀၁၈ တွင် စီးပွားရေးကဏ္ဍ ပိုမိုပွင့်လန်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့ နှင့် ပညာရှင်တို့က ခန့်မှန်းပြောဆိုကြသည်။စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က “၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ မူဝါဒအပါအဝင် ပြောင်းလဲမှုတွေကို စီးပွားရေးလုပ်ငန်းရှင်အများစုက မျှော်လင့်နေကြသူတွေရှိတယ်။ လုပ်ပုံ ကိုင်ပုံ၊ လူ သေချာပြောင်းလဲ ပြီး အရှိန်မြှင့်နိုင်မယ်ဆိုရင် ၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ စီးပွားရေးတက်မယ်လို့ယုံကြည်ပါတယ်’’ ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အလုပ်အကိုင်ရရှိနိုင်ရန် လမ်းပန်း ဆက်သွယ်ရေး နှင့် တန်းတူ လျှပ်စစ်မီးရရှိရေး အား အစိုးရအဖွဲ့အနေဖြင့် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်သည့် နေရာတွင်လည်း နိုင်ငံကို တည်ဆောက်တဲ့နေရာတွင် ပြည်သူ အကျိုးပြုမည့် စီမံကိန်းများကို အကောင်အထည် ဖော်သည့်နေရာ၌် နိုင်ငံ့ဘဏ္ဍာတော်ငွေကို မှန်မှန်ကန်ကန် တိတိကျကျသုံးစွဲ ရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဦးသန်းအောင်ကျော်က “၂၀၁၇- ၂၀၁၈ ဘဏ္ဍာ နှစ် မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ပိုတိုးလာနိုင်တယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်လည်းထွက်လာခဲ့တယ်။ ဥပဒေသစ် မှာ ပြည်ပရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ဥပဒေက တိတိကျကျ ပြဌာန်းထားတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနိုင်ပါတယ်။’’ ဟုပြောသည်။

သို့သော် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖွင့်ပေးလိုက်သည့်အတွက် စိတ်ပူစရာ တချို့ရှိကြောင်း သိရသည်။ဦးခင်မောင်ညို (ဘောဂဗေဒ) က “အာမခံလုပ်ငန်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုကိုပေးပြီ၊ စက်သုံးဆီလုပ်ငန်းလည်း လာတော့မယ်။ ဒီတော့ အသုံးပြုသူတွေ အနေနဲ့ အဆင်ပြေလာမယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ တော့ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်။’’ ဟု သုံးသပ်ပြောကြားသည်။ (Xinhua)