Connect with us

Politics, Law & Military

NLD အစိုးရ၏ ပထမ တစ်နှစ်တာ

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ပြည်ထောင်စု လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒ နှင့် ကိုက်ညီစွာ ဖွဲ့စည်းထားသည့် အစိုးရ၏ တစ်နှစ်တာ ကာလ ပြည့်မြောက်ချိန်တွင် အပြောင်းအလဲများအား ကောင်းစွာ စီမံ ခန့်ခွဲနိုင်သည့် အနေအထား ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာ သတင်း ဌာနသို့ပြောကြားခဲ့သည်။

အစိုးရ၏ သက်တမ်း တစ်နှစ်တာ ကာလ အတွင်း ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အရေးကိစ္စ ကိစ္စတို့မှလွဲ၍ အပြောင်းအလဲ အား ကောင်းစွာ စီမံခန့်ခွဲနိုင်သည့် အနေအထား ရှိခဲ့ကြောင်း ၊ ချက်ချင်း ပြောင်းလဲသွားသည့် အပြောင်းအလဲတွင် စီမံခန့်ခွဲမှုသည် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရ သက်တမ်း တစ်နှစ်တာ အတွင်း စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့ခဲ့ရပြီး လုပ်ဆောင်ခဲ့သည့် ကိစ္စရပ် အားလုံးသည် နိုင်ငံ၏ အနာဂတ်ကို ရှေ့ရှုပြီး လုပ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ တစ်နှစ်တာ အတွင်း တိုးတက်မှု တစ်ခု အဖြစ် ပြည်သူများသည် အစိုးရကို ကြောက်ရန် မလိုအပ်တော့သည်ကို အများက သိလာသည်ဟု ထင်မြင်ယူဆကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။“ကျွန်မတို့ ရည်ရွယ်တာကတော့ ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖု့ိ၊ ယုံကြည်ဖို့ပါပဲ။ ဒီအဆင့်ရောက်တဲ့ အထိတော့ ကျွန်မတို့ဆက်ပြီး ကြိုးစားသွားရမှာပါ။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

နိုင်ငံတကာ သံခင်းတမန်ခင်း

“အထူးသဖြင့် အောင်မြင်မှုကတော့ သံခင်းတမန်ခင်း နိုင်ငံတကာ ဆက်သွယ်ရေး နယ်ပယ်မှာ ဒီအစိုးရ တက်လာရင် ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်း ရှိတယ်။ အစဉ်အလာ နိုင်ငံခြားရေး မူဝါဒ အတိုင်း ဆက်လက်ပြီး ဆောင်ရွက်တယ်။နည်းနည်းလေး ပိုပြီး တက်တက်ကြွကြွ(Dynamic) ဖြစ်လာတယ်။ဒါတော့ ကြီးမားတဲ့ အောင်မြင်မှုပေါ့။ အဓိကတော့ အမေရိကန် ပိတ်ဆို့မှုတွေ လုံး၀ ဖယ်ရှားနိုင်ခဲ့တယ်။အလားတူ ဒေသတွင်းမှာ ရှိတဲ့ တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ အိန္ဒိယ ဒီနိုင်ငံတွေနဲ့လည်း မိတ်ဝတ်မပျက် ဆက်ဆံရေး ကောင်းတွေ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားနိုင်တယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ကျင့်သုံးပြီး အစိုးရသစ် အနေဖြင့် နိုင်ငံခြားဆက်ဆံရေးတွင် ချဉ်းကပ်မူ ပုံစံသစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

အစိုးရသစ်လက်ထက်တွင် ဂီနီ၊အီကွေဒေါ၊ ဆေးရှ်လ်၊ လိုင်ဘေးရီးယား နှင့် ဟိုလီဆီး (ဗာတီကန်)၊ မော်လ်တာ နှင့် မာရှယ်ကျွန်းစု စသည့် (၇) နိုင်ငံနှင့် သံတမန်အဆက် အသွယ် ထူထောင်ရန် အတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှ သဘောတူပြီး ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ရှိသည့် နိုင်ငံပေါင်း ၁၂၁ နိုင်ငံ အထိရှိလာမည်ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံ အားလုံး နှင့် ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိရေး နှင့် မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို နိုင်ငံတကာမှ ပိုမို နားလည်မှု ရှိစေရေး ၊ နိုင်ငံ၏ အကျိုးစီးပွား ပိုမို တိုးတက်ဖွံ့ဖြိုးစေရေး အတွက် နိုင်ငံတကာမှ ရန်ပုံငွေများ ၊ နည်းပညာများ ၊ ကူညီမှုများ တိုးမြှင့်ရရှိရေး ၊ ပြည်သူများအား အကျိုးပြုစေမည့် နိုင်ငံရပ်ခြားမှ တာဝန်သိသည့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးတက်ရရှိရေး ၊ ကုန်သွယ်မှုများ မြှင့်တင်နိုင်ရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချမှတ်ရေး တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ရှေ့ဆက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ အဖြစ် မျှော်မှန်းထားသည်။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးဖြစ်စဉ်သည် လွယ်သည့် ဖြစ်စဉ် မဟုတ်သော်လည်း မျှော်လင့်ချက် များစွာ ရှိပြီး ဆက်လက် ကြိုးစား ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားစိုက် လုပ်ဆောင်မှုများ နှင့် အတူ ကောင်းမွန် သည့် အနေအထားတွင် ရှိသကဲ့သို့ ထိုက်သင့်သည့် တိုးတက်မှုများလည်း ရှိကြောင်း ငြိမ်းချမ်းရေး ကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေသူများက သုံးသပ်ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေး ကျင်းပနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

“ငြိမ်းချမ်းရေး ဖြစ်စဉ်က အဆက်မပြတ်ဖို့လိုတယ်။ နောက်အစိုးရ တက်လာ တစ် ကနေ ပြန်စဆိုရင် ငြိမ်းချမ်းရေး က ပြန်စဆိုရင် အလှမ်းဝေးမှာပေါ့နော်။ ရှိရင်းစွဲ ရရှိပြီးသား အနေအထားအဟောင်းကို ဆက်လက် ယူပြီးတော့ နောက်ထပ် ပေါင်းစပ်မယ်လို့ ကြိုးစားတယ်။ဒါကတော့ ကောင်းမွန်တဲ့ အနေအထားပေါ့နော်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိန်ခေါ်မှုတွေလဲ ရှိတယ်။ဆက်လက်ပြီးတော့လဲ ကြိုးစားနေတယ်။မကြာမီတော့ ရလဒ်ကောင်းတွေ ထွက်လာမှာပါ။”ဟု ပြည်ထာင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ယခုအခါတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)တွင် လက်မှတ် မရေးထိုး ရသေးသည့် အဖွဲ့များ လက်မှတ် ရေးထိုးလာနိုင်ရန် ကြိုးစားနေပြီး များစွာ တိုးတက်မှုများ ရှိလာပြီ ဖြစ်ကြောင်း မကြာမီတွင် ပို၍ အပေါင်းလက္ခဏာများ တွေ့လာမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား ဧပြီ (သို့မဟုတ်) မေလ တွင် ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအား ၂၀၁၆ ခုနှစ်အတွင်း ကျင်းပပြုလုပ်နိုင်သကဲ့သို့အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား ကရင်ပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီး ၊ နေပြည်တော် ကောင်စီ နယ်မြေ ၊ ပဲခူးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရ၏ ဆောင်ရွက်မှုများ အစီရင်ခံ

နိုင်ငံတော် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိစ္စကြီး သုံးရပ်အဖြစ် (၁) စနစ်ကိုပြောင်းလဲခြင်းနှင့် စိတ်ဓါတ်ကို ပြောင်းလဲခြင်း၊ (၂) အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး ရရှိရေး အတွက် အဂတိ တရား ကင်းရှင်းရေး နှင့် (၃) ပြည်သူအပေါ် မေတ္တာထား၍ နိုင်ငံအပေါ် သစ္စာစောင့်သိခြင်း စသည်တို့အား အဓိကထား တင်ပြခဲ့သည်။

အစိုးရသစ် တာဝန်ယူခဲ့ချိန်တွင် ပထမ ရက် ၁၀၀ စီမံကိန်း ချမှတ်ဆောင်ရွက်မှု နှင့်အတူ တစ်နှစ် ပြည့်မြောက် ချိန်တွင် ဆောင်ရွက်ခဲ့မှုများ အပေါ် ပြည်သူသို့ ရှင်းလင်း အစီရင်ခံမှုများအား သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရ အဖွဲ့က ဆောင်ရွက်ခဲ့သည်။

“၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယ အကြိမ် လွှတ်တော် နဲ့အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ ့မူဝါဒများနဲ့ကိုက်ညီစွာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။”ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က စတင် တာဝန် ထမ်းဆောင်ချိန်တွင် ပြောကြားထားသည်။

“ဒီပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုကို ကျွန်မတို့ လက်ကိုင်ပြီးတော့ ဒီတစ်နှစ်အတွင်းမှာ တတ်နိုင် သလောက် ပြည်သူ့အကျိုးနဲ့ နိုင်ငံအကျိုးအတွက် ထမ်းဆောင်ခဲ့ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ၏ ကျန်းမာရေး ၊ ပညာရေး ကိစ္စများအား အလေးပေး ပြောကြားခဲ့သည် နှင့် အတူ ယခုမှ စ၍ အလုပ်အကိုင်ဖန်တီးရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် တန်းတူ လျှပ်စစ်မီးရရှိရေးကို အဓိကထား ပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။လွှတ်တော်ကဏ္ဍတွင် တစ်နှစ်တာ ကာလ အတွင်း ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့ရာတွင် ဥပဒေများကို ပြင်ဆင်ခြင်း ၊ ပြဋ္ဌာန်းခြင်း ၊ ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ဥပဒေ ၂၀ ကို ဆောင်ရွက်နိုင်ခဲ့သည်။

အစိုးရသစ် မူဝါဒ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံတာဝန် စတင် ယူချိန်တွင် ပြောင်းလဲချိန် တန်ပြီ ဟူသော ဆောင်ပုဒ်ဖြင့် ယူခဲ့သော်လည်း တစ်နှစ်တာ ကြာပြီးနောက် “ပြည်သူနှင့် အတူ”ဆောင်ပုဒ်ဖြင့် ဆက်လက် လျှောက်လှမ်း သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အစိုးရသစ် အနေဖြင့် အမျိုးသား ရင်ကြား စေ့ရေး ၊ ပြ¬¬¬ည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး တို့ကို ရှေးရှူသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု ပေါ်ပေါက်ရေး နှင့် ပြည်သူ လူထု အများစု၏ လူနေမှု ဘဝ အဆင့် အတန်း တိုးတက် မြင့်မားရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သမ္မတ တာဝန်အား လွှဲပြောင်း ရယူအပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်း ပြောကြားခဲ့သည်။မြန်မာသမိုင်း တစ်လျောက် နှစ် ၅၀ အတွင်း အမြင့်မားဆုံး အပြောင်းအလဲ အဖြစ် နိုင်ငံတော် သမ္မတ တာဝန် လွှဲပြောင်း ပေးအပ်ခြင်းအား ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)