Connect with us

Politics, Law & Military

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုကဏ္ဍမှ ထုတ်လုပ်မှုတန်ဖိုး ကျပ် ၂၁,၆၃၈ ဘီလီယံ ရှိခဲ့ဟု ဆို

အစိုးရ၏ စတုတ္ထ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တာ်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ကဏ္ဍမှ ထုတ်လုပ်မှု တန်ဖိုး ကျပ် ၂၁,၆၃၈ ဘီလီယံ ရှိပြီး စုစုပေါင်း ပြည်တွင်း ထုတ်ကုန်(GDP) ၏ ၂၀ ဒသမ ၅၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု ကဏ္ဍ တိုးတက်မှုသည် ယမန်နှစ် ကထက် ပုံသေဈေးနှုန်းများအရ ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နိုင်ငံတကာ ကုန်သွယ်မှု အပိုင်းမှာတော့ စတုတ္ထ တစ်နှစ်တာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၀၂ ဘီလီယံဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၆၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၀၅၈ ဘီလီယံနဲ့ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံ အထိ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

ပို့ကုန် သုံးဆ တိုးမြင့်စေရန် ရည်မှန်း ဆောင်ရွက်ခဲ့ရာတွင် စတုတ္ထ တစ်နှစ်တာ ကာလတွင် တိုးတက်မှု အတော်များများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခု ဖြစ်သော ဆန်နှင့် ဆန်ကွဲကို ယမန်နှစ်က တန်ချိန် ၂ ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြား ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ်၌တန်ချိန် ၂ ဒသမ ၅ သန်းအထိ တင်ပို့နိုင်မည့် အနေအထား ရှိကြောင်း၊ ပြောင်း သီးနှံကို ပြည်တွင်း သုံးစွဲမှုလည်း တိုးတက်လာပြီး တရုတ်နိုင်ငံ ဈေးကွက်သာမက ထိုင်းနိုင်ငံ သို့ပါ တိုးချဲ့ တင်ပို့ လာနိုင်သဖြင့် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁ ဒသမ ၅၃ သန်းကျော် အထိ တင်ပို ခဲ့ရကြောင်း၊ ထို့အတူ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်၌ ပဲမျိုးစုံ တန် ၁ ဒသမ ၆၄ သန်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ ရေထွက် ပစ္စည်းပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊ စက်မှုကုန်ချော ဖြစ်သည့် အထည်ချုပ် လုပ်ငန်း များမှ စတုတ္ထ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ရာ ယမန်နှစ်ကထက် ၃၅ ရာခိုင်နှုန်း တိုးတက် တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း၊ အခြား စက်မှု ကုန်ချေျာ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံ ရရှိခဲ့ကြောင်း၊ ပထဝီအနေအထား၏ အခွင့်သာမှု အရ တစ်ဆင့် တင်ပို့မှု (Transit Trade) ကို အားပေး ဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် သဘာ၀ ဓာတ်ငွေ့ ဖြတ်သန်း တင်ပို့ ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့် ရရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွား ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်သော မဟာဗျူဟာ ကျသည့် နေရာများတွင် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံ၏ ကုန်းပိုင်းကုန်သွယ်မှုတွင် အရေးပါသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နှင့်လည်း နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်များကို ထူထောင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.