Connect with us

Politics, Law & Military

၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်သည် အခြေခံမဲဆန္ဒရှင်စာရင်းပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်ဟုဆို

အခြေခံမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲများလာရောက်ပေးမည့် မဲရုံအရေအတွက်သည် အခြေခံ မဲဆန္ဒရှင် စာရင်းပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကေည်မရှင်ထံမှ သိရသည်။

အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များ၏ စာရင်းများပိုမိုပြည့်စုံ မှန်ကန်စေရေးဆောင်ရွက်နိုင်ရန် မဲစာရေးကြေညာမှုကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ထိ ထပ်မံကြေညာပေးထားကြောင်း၊ အဆိုပါ ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများပေါ်၌ မဲဆန္ဒရှင်များ၏ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်မှုပေါ် မူတည်ပြီး တစ်နိုင်ငံလုံးရှိ မဲရုံအရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

 ” ခုကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ နာမည်မပါရင် ပုံစံ (၃)နဲ့လျှောက်ထားမှုတွေ၊ နာမည်စာရင်းပယ်ဖျက်ပေးရန် ပုံစံ(၄)နဲ့တောင်းဆိုမှုတွေပေါ် မူတည်ပြီး မဲရုံတိုးလာနိုင်သလို၊ လျော့နိုင်တယ်၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာတော့ လက်ရှိ မဲရုံ ၄,၁၀၇ ရုံရှိတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်မျိုးလွင်က ဆင်ဟွာသို့ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မဲရုံပေါင်း ၄၀,၀၀၀ကျော်ရှိကြောင်း သိရသည်။မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက် / ဝင်ရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း ၊ လိုအပ်သော ပုံစံများ ကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း သိရသည်။

ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေး နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်)လာရောက်ကြည့်ရှုခြင်း၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင် စာရင်း ကြည့်ရူစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ကြပါရန် နှင့် မိမိနှင့်မိသားစု တို့၏ မဲစာရင်း အမှတ်စဉ် များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ထုတ်ယူရာ၌ အချိန်ကုန် သက်သာစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ကော်မရှင်က မေတ္တာရပ်ခံထားသည်။

၂၀၂၀ ပါတီစုံရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာ နှင့် တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ နေရာအတွက် နိုင်ငံရေးပါတီ ၉၄ပါတီမှ ကိုယ်စားလှယ်ပေါင်း ၆,၉၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲထံမှ သိရသည်။၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.