Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ ငါးသန်းခန့် ရှိမည် ဟုဆို

၂၀၁၇ ခုနှစ် ဧပြီလ အတွင်း ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် မဲရုံ တစ်ခု၌ ဆန္ဒမဲ ပေးမည့် သူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့်ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လူငယ်များ ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရွေးကောက်ပွဲ ဆိုင်ရာ သတင်း အချက်အလက်များ အသိပေး ရမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် လူငယ်များနှင့် ထိတွေ့မှု ရှိပြီး ဖြစ်သည့် Facebook ကို အသုံးပြုပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် လူငယ်များ စိတ်ပါဝင်စားစွာ နှင့် တက်ကြွစွာ ပါဝင်လာစေရေး စည်းရုံး လှုံ့ဆော် ပေးရမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်၌ ပြုလုပ်သော ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများ နှင့် ရုံးတွင်း အသုံးပြုမှု လမ်းညွှန် သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် (၂၀၁၉-၂၀၂၂) မဟာဗျူဟာ စီမံကိန်း အခန်း(၅)တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် နှင့် သက်ဆိုင်သော အချက်အလက်များ ၊ စာရွက်စာတမ်းများအား ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် Website နှင့် Social Media တို့မှ ရယူ၍ ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းကို ထည့်သွင်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်း အချက်အလက် အမြန်ဆုံး ရောက်ရှိနိုင်မည့် Facebook ကိုလည်း အသုံးပြုသွား ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်း၍ ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများ နှင့် ရုံးတွင်း အသုံးပြုမှု လမ်းညွှန် သင်တန်းသည် Facebook မှတစ်ဆင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက် အလက်များ ထိရောက်စွာ အသုံးပြုနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အရာထမ်းများအတွက် မွမ်းမံသင်တန်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)