Connect with us

Politics, Law & Military

KIO နှင့် ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေး သဘောတူညီမှု ယူပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ၁၅ ဆထိ လျော့ချနိုင်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှဆို


ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေး သဘောတူညီချက် လုပ်ဆောင်ပြီးနောက် တပ်မတော်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားမှု ၁၅ ဆထိ လျှော့ချ နိုင်ခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အပစ်အခတ် ရပ်စဲရေးဌာန ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် မချုပ်ဆိုရ သေးသော်လည်း အပစ်အခတ် လျော့ချမှု သဘောတူညီချက် ၃ ချက် ပြုလုပ်ထားပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုနှုန်း လျော့နည်း လာကြောင်း ၎င်းက ဆိုသည်။တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/ KIO) တို့ ၂၀၁၁ ဇွန်လမှ ၂၀၁၃ ဒီဇင်ဘာလ ထိ တပ်မတော် နှင့် KIO တို့ အကြိမ်ပေါင်း ၁,၄၅၀ ထိ ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းမှာ ၆၈ ကြိမ်ဘဲ ဖြစ်ပွားခဲ့ခြင်းကို ပြန်ကြည့်လျှင် ထောင်ဂဏန်းခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ တိုက်ပွဲများ လျှော့ချလာ နိုင်ကြောင်း၊ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြား ထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရှေ့ဆက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြောကြားနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ဆွေးနွေးနေစဉ်တွင် KIO နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိသော်လည်း လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လမ်းစဉ်ကို အထိအခိုက် မခံဘဲ ဆက်လက် ဆွေးနွေးလျှက် ရှိကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရေးကို အောက်တိုဘာ ပထမပတ်တွင် လျာထားသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဖက် အပစ်အခတ် ရပ်စဲ ခဲ့သည်။

အစိုးရ တပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလဆန်းမှ စ၍ တိုက်ပွဲများ ပိုမို ပြင်းထန်ခဲ့သည်။ (Xinhua)