Connect with us

Politics, Law & Military

ကိုးကန့်တိုက်ပွဲ ရပ်တန့်ရေးအတွက် NCCT နှင့် UPWC သီးသန့်ဆွေးနွေးမည်

ခုနှစ်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် UPWC နှင့် NCCT အဖွဲ့ဝင်များ နှစ်ဖက်လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်တွင် ဖြစ်ပေါ်နေသော ကိုးကန့်နှင့် တပ်မတော် တိုက်ပွဲများနှင့် ပတ်သတ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သီးသန့် ဆွေးနွေးရန် အစီစဉ်ရှိကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆင်ဟွာသို့ ပြောကြားသည်။

(NCCT) ဘက်မှ နိုင်ငံရေးအရ ဖြစ်ပေါ်သည့် ပြဿနာ ဖြစ်သောကြောင့် နိုင်ငံရေးအရသာ တိုက်ခိုက်မှု ဖြေရှင်းရန်နှင့် အင်အားသုံး မဖြေရှင်းရန် (UPWC) သို့ မေတ္တာရပ်ခံထားသော်လည်း (UPWC) အနေဖြင့် လက်ရှိ ဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ရရှိရေးကို အဓိကထား ဆွေးနွေးမည် ဖြစ်သဖြင့် အဆိုပါ ကိုးကန့်ကိစ္စ အသေးစိတ်ကို သီးခြားဆွေးနွေးမည်ဖြစ်ကြောင်း NCCT သ့ိုပြန်လည် ဆွေးနွေးခဲ့သည်။

“ (NCA) ဆွေးနွေးပွဲထဲ မထည့်ပဲ ဒီကိစ္စကို အလွတ်သဘော ဆွေးနွေးကြမယ်၊ ခုဒီမှာ လေ့လာသူတွေ ရှိတဲ့အတွက် သူတို့ရှေ့ အကုန်ချပြ ဆွေးနွေးရန်မသင့်ဘူး၊ နောက်မှ သီးခြားဆွေးနွေးမယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

လက်ရှိ (၇)ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ပထမနေ့ ဆွေးနွေးပွဲ၌ ပဋိပက္ခလျှော့ချရေး ခေါင်းစဉ်အောက်တွင် ကိုးကန့်နှင့် ကချင် တိုက်ပွဲများ ဖြစ်ပွားမှုကို ဆွေးနွေးခဲ့သော်လည်း အသေးစိတ် ဆွေးနွေးထားခြင်း မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီထံမှ သိရသည်။

“ အခုချိန်ထိ အခြေအနေတွေက တင်းမာနေတော့ ကျနော်တို့ကိုယ်တိုင် အခြေအနေ အသေးစိတ်ကို သုံးသပ်ဖို့ အချိန်နည်းနည်း လိုနေတယ်၊ သူတို့ (ကိုးကန့်တပ်ဖွဲ့) ဆီက အခက်အခဲကို ကျနော်တို့ မသိဘူး၊ ညှိနှိုင်းဖို့ ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ဦးခွန်ဥက္ကာက ဆိုသည်။

(NCCT) က ကိုးကန့် တပ်ဖွ့ဲကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ခေါ်ယူဆွေးနွေးပေးရန်၊ ကိုးကန့်တပ်ဖွဲ့နှင့် ပြေလည်ရေး နည်းလမ်းရှာပေးရန် တရားဝင် မေတ္တာရပ်ခံထားသည်။

“တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအားလုံး လျှော့ချရေးကို ဆွေးနွေးတာ၊ (NCA) လက်မှတ်ထိုးဖို့က အရေးကြီးတယ်၊ လက်မှတ်ရေးထိုးပြီးရင် စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်များကို ရေးဆွဲနေတာရှိပါတယ်၊ အဲဒါကို လိုက်နာပြီးရင်တော့ တိုက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ဘူး” (NCCT) အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ဆွေးနွေးပွဲ တတိယနေ့တွင် ပြောကြားသည်။ (Xinhua)