Connect with us

Politics, Law & Military

တရားခံပြေးများ ဖမ်းမိရန် ဥပဒေအသိပညာပေးနည်းဖြင့် ဆောင်ရွက်သင့်

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် အမျိုးသား လွှတ်တော်၌ ဖြေကြားနေစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

တရားခံပြေးများ ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံသူ နိုင်ငံသားများနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်တို့အား ဥပဒေဆိုင်ရာ ပညာပေး ခြင်းနည်းများဖြင့်  ဆောင်ရွက်သင့်သည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ဝရမ်းပြေးများနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ရာမှာ တည်ဆဲ ဥပဒေများဟာ ပြီးပြည့်စုံပါတယ်၊ တရားရုံးတွေကတော့ တရားခံ ဖမ်းဖို့ ဝရမ်း ထုတ်ပေးဖို့၊ ဒါမှမဟုတ် တရားခံရဲ့ ပစ္စည်းကို နေအိမ်ကို ဝရမ်းကပ်ဖို့ပဲ တာဝန်ရှိပါတယ်၊ ထွက်ပြေး တရားခံကို အာမခံပေးသူတွေကို အရေးယူတဲ့ တာဝန်၊ တရားခံ၊ ဒါမှမဟုတ် အာမခံပေးသူရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး နိုင်ငံပိုင်အဖြစ် သိမ်းတဲ့ တာဝန်တွေ ပဲရှိပါ တယ်၊ တရားခံကို ကိုယ်တိုင်ဖမ်းဖို့တော့ တာဝန်မရှိပါဘူး၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၅၊ ၅၄ တို့မှာ တရားခံပြေးအဖြစ် ကြေညာခံထားရသူတွေကို မည်သူမဆို ဖမ်းဆီးနိုင်တယ်၊ ဒါမှ မဟုတ် ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းနဲ့ တရားစွဲ အဖွဲ့အစည်းတွေကို သတင်းပေးပို့ရမယ် လို့ ပြဌာန်းထား ပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သက်ဆိုင်ရာ ဒေသဆိုင်ရာ အုပ်ချုပ် ရေး အဖွဲ့အဆင့်အဆင့်တို့ကိုသော်လည်းကောင်း၊ နိုင်ငံသားများ ကိုသော်လည်းကောင်း ဥပဒေ အသိပညာတွေပေးခြင်းဖြင့် ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး တိမ်းရှောင်နေတဲ့ ဝရမ်းပြေးတွေကို ဖမ်းဆီး ရမိဖို့ ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး မေးမြန်းနေစဉ်။

ပုဒ်မ ၈၇၊ ၈၈ တရားခံပြေးအဖြစ် ကြေညာလိုက်သည့် နောက်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄ မှာ ပြဌာန်းထားသည့်အတိုင်း တရားခံပြေးအဖြစ် ကြေညာ ခံရသူကို မည်သည့်အရပ်၊ မည်သည့် အချိန်၊ မည်သည့်နေရာမှာ ဖြစ်ဖြစ် ဖမ်းဆီးနိုင်သည့် အခွင့်အရေး သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်း ကသော်လည်းကောင်း၊ တာဝန်သိ လုပ်သား ပြည်သူများက သော်လည်းကောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များကသော်လည်းကောင်း ဖမ်းဆီးနိုင်ခွင့် ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်သိ လုပ်သားပြည်သူတွေက တရားခံ မည်သည့် အရပ်မှာ ရှိနေသည် ဆိုတာကို သတင်းပေးသူ မရှိဘဲနှင့် ဖမ်းဆီးရန် မလွယ်ကူကြောင်း၊  သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်း၊ အထူးသဖြင့်က ရဲတပ်ဖွဲ့က စုံစမ်းခြင်း၊ သတင်းပေးများကို ရှာဖွေပြီး ဖမ်းဆီးရမှာ ဖြစ်ကြောင်း၊ တရားရုံးများက ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ (၇၅)အရ သက်ဆိုင်ရာ တရားခံပြေးကို ဖမ်းဆီးရန် ဝရမ်းထုတ်ပေးရပြီး ပုဒ်မ ၈၇၊ ၈၈ အရ တရားခံ ဖမ်း ဝရမ်းနှင့် ပစ္စည်းဖမ်း ဝရမ်းများ ထုတ်ပေးရကြောင်း၊ တရားခံ၏ ရွှေ့နိုင်သောပစ္စည်း၊ မရွှေ့နိုင်သော ပစ္စည်းများကို ဝရမ်းကပ်ပြီး သတ်မှတ်အချိန်ကာလမှာ အဆိုပါ ပစ္စည်းများကို ရောင်း ချပြီး နိုင်ငံတော်၏ ဘဏ္ဍာထဲ ထည့်ရကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက “နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးကို မထေမဲ့မြင်ပြုနေကြသည့် ဝရမ်းပြေးများသည် ယခင်ထက် ပိုမို များပြားလာပြီး ထွက်ပြေး တိမ်းရှောင် လွတ်မြောက်လျက်ရှိကြောင်း၊ ထိုဖြစ်စဉ်များကို လေ့လာ ကြည့်ပါက အဆိုပါ အမှုအခင်းနှင့် သက်ဆိုင်သည့် တရားစီရင်ရေး နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေ အရာရှိများ၊ အစိုးရ ရှေ့နေများ၊ တရားသူကြီးများသည် နိုင်ငံ တော်က ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာ လိုက်နာ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ အားနည်းပြီး တာဝန်လစ်ဟင်းခြင်း၊ လျောရဲပေါ့ဆစွာ တာဝန် ထမ်းဆောင်ခြင်းများကို တွေ့ရှိနေရကြောင်းကို ခိုင်မာသော ဖြစ်စဉ် သာဓကများ တင်ပြပြီး အဆိုပါ တရားဥပဒေကို မထေမဲ့မြင်ပြုနေကြသည့် ဝရမ်းပြေးကိစ္စရပ်များ လျော့နည်း ပပျောက်သွား စေရန် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးမြန်းခဲ့သည်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။(Xinhua)