Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အပြန်အလှန် နားလည်မှုများနှင့် အားလုံး လက်ခံနိုင်သည့် အခင်းအကျင်းမျိုး ပေါ်ထွက်လာရန် ဦးတည် ဆွေးနွေးပေးကြရန် ပန်ကြား

နေပြည်တော်၊ NRPC ၌ JICM အကြို ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

 

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် အပြန်အလှန် နားလည်မှု များနှင့် အားလုံး လက်ခံနိုင်သည့် အခင်းအကျင်းမျိုး ပေါ်ထွက်လာရန် ဦးတည် ဆွေးနွေးပေးကြရန် ပန်ကြားပါကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ နံနက်ပိုင်း တွင် ပြောကြားခဲ့သည်။

 ၎င်းက “ဒီနေ့အစည်းအဝေးဟာ လာမယ့် ညီလာခံအတွက် ကျွန်တော်တို့ အလုပ်အဖွဲ့တွေရဲ့ နောက်ဆုံး ညှိနှိုင်း ဆွေးနွေးတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်၊ နောက်ရက်တွေမှာ JICM, UPDJC အစည်းအဝေးတွေ ပြုလုပ်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ကျင်းပကြတော့မှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင်အထည်ဖော်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)၏ အကြို အစည်းအဝေး ဖြစ်သည့် JICM အလုပ်အဖွဲ အစည်းအဝေးကို နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်တိုင် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး ပထမ နေ့၌ NRPC ဒုတိယ ဥက္ကဌက ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

NCA-S EAOs မှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု သဘောတူ စာချုပ် အပိုင်း(၃) တွင်  ထည့်သွင်းမည့် နှစ်ဘက် သဘောတူညီချက် ရရှိရန် ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နှင့် ၅ ရက်များတွင်  ညှိနှိုင်းခဲ့ကြရာ NCA အကောင်အထည် ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၄ ချက် ရရှိထားပြီး ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အလွန် နှစ်အလိုက် ရှေ ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမည့် ခေါင်းစဉ်ကြီး ရှစ်ခုကို သဘောတူထားပြီး ဖြစ်ရာ အသေးစိတ်ခေါင်းစဉ်များကို ယနေ့အစည်းအဝေးတွင် ဆက်လက် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန် အခြေခံမူအနေဖြင့် နှစ်ချက် သဘောတူညီထားပြီး ဖြစ်ကြောင်း၊ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဘက် အဆိုပြုချက်များကို ယနေ့အစည်းအဝေး၌ အပြီးသတ် ညှိနှိုင်းကြမည် ဖြစ်ပြီး သြဂုတ်လ ၁၃ ရက်တွင် ကျင်းပမည့် ကိုးကြိမ်မြောက် JICM အစည်းအဝေး၌ အတည်ပြုမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တန်ဖိုးထားပြီး စိတ်ရင်း စေတနာ အပြည့်အဝဖြင့် ပါဝင် ဆေင်ရွက်ခဲ့ကြသူများ အားလုံးကို တန်ဖိုးထားကြောင်း၊  NRPC ကိုယ်စား ကျေးဇူးတင်ရှိပါသည်ဟုလည်း ပြောကြားလိုကြောင်း၊ မိမိတို့၏ ကြိုးပမ်းမှုသည် မကြာခင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း (၃) အဖြစ် မှတ်ကျောက်တင်နိုင်မည် ဖြစ်ပြီး သဘောတူစာချုပ်ပါ အချက်များကို ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ခရီးစဉ်၌ မိမိတို့ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)