Connect with us

Politics, Law & Military

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ အလွတ်သဘော ဆွေးနွေးပွဲ၌ တပ်ပိုင်းဆိုင်ရာ သဘောတူညီမှုများရရှိ

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ အလွတ်သဘော ဆွးနွေးပွဲကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ-၇ရက် (ဆင်ဟွာ)

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးပွဲတွင် ရှေ့ဆက်ဆောင်ရွက်မည့် တပ်ပိုင်းဆိုင်ရာကိစ္စများ သဘောတူညီမှုရခဲ့ကြောင်း အလွတ်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။

“ဒီနေ့ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး တပ်ဖွဲ့အချင်းချင်းကြားဆွေးနွေးမှုတွေ ဘယ်လိုလုပ်ကြမလဲ၊ အဲဒါတွေကို ဆွေးနွေးပါတယ်၊ ယေဘုယျအားဖြင့် အခန်း ၃နဲ့ ၄ ဆွေးနွေးပါတယ်၊ ဆွေးနွေးတာလဲ တစ်ပုဒ်ချင်း ဆွေးနွေးတာ မဟုတ်ဘူး၊ တပ်ဖွဲ့ဝင်တွေအချင်းချင်းကြား ပြသာနာမဖြစ်အောင်၊ပွတ်တိုက်မှုတွေမရှိအောင် နှစ်ဖက် ဘယ်လိုလုပ်မလဲ ဆွေးနွေးမှာဖြစ်တယ်၊ အဲဒါတွေကို ခိုင်မာအောင် ဘယ်လိုဆက်လုပ်မလဲပေါ့”ဟု အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)က ဦးဇော်ဌေးက ပြောကြားသည်။

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ အလွတ်သဘော ဆွေးနွေးပွဲအပြီး နှစ်ဖက်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ NRPC ရုံးတွင် ယနေ့ စက်တင်ဘာ ၇ရက်တွင်အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးပွဲကျင်းပခဲ့ရာ ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ( ၁၀ ) ရက်မှ စတင်ပြီး KNU က ငြိမ်းချမ်းရေးတရားဝင်ဆွေးနွေးပွဲများကို တက်ရောက်မှုကို ယာယီရပ်ဆိုင်းထားခဲ့ရာ ယနေ့ ၁၁ကြိမ်မြောက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသည် တရားဝင် ဆွေးနွေးပွဲများပြန်စရန် တစ်စိတ်တစ်ပိုင်းဖြစ်လာကြောင်း KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

ယနေ့ တွေ့ဆုံမှုသည် ပြီးခဲ့သည့် ချင်းမိုင်တွေ့ဆုံပွဲက ရရှိလာသော အချက်များကို အသေးစိတ်ဆွေးနွေးကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီကနေ့ အသေးစိတ်ပြန်ရှင်းလင်း ညှိနှိုင်းဆွေးနွေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးပွဲ၊ ပိုမိုတိုးတက်လာတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်” ဟု

ယနေ့ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး NRPCအဖွဲ့ ဝင် ဦးလှမောင်ရွှေက ပြောသည်။

NRPC ကိုယ်စားလှယ်များအဖြစ် ဦးထွန်းထွန်းဦး ( NRPC ဒုဥက္ကဋ္ဌ ၃ )၊ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ဗိုလ်ချုပ် စိုးနိုင်ဦး၊ဗိုလ်ချုပ် နေလင်း၊ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ဦးပေါ်လွင်စိန်၊ဦးလှမောင်ရွှေ၊ဦးမိုးဇော်ဦးနှင့် ဦးဇော်ဌေးနှင့် KNU ကိုယ်စားလှယ်များအဖြစ် ပဒိုစောကွယ်ထူးဝင်း ( ဒုဥက္ကဋ္ဌ )၊ပဒိုစောတာဒိုမူး ( အထွေထွေအတွင်းရေးမှုး )၊ပဒိုစောဆဲလ်ဂေ ( CSC )ပဒိုစောအယ်ကလူစေး ( CSC )၊ပဒိုစောနေသဘလေး ( CSC )၊ဗိုလ်မှူးချုပ်စောတာမလာသော ( CSC )နှင့် စောပိုပိုထူးအောင် ( CSC )တို့ တက်ရောက်ဆွေးနွေးခဲ့သည်။(Xinhua)