Connect with us

Politics, Law & Military

အကြမ်းဖက်သမားများကို စောင့်ကြည့်နိုင်ရန် ရန်ကုန်တွင် Police Command Centre များ ဖွင့်လှစ်မည်

အကြမ်းဖက်မှု ကာကွယ်ရန် ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသော ရဲကားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အရေးကြီး နေရာများတွင် CCTV များ တပ်ဆင် စောင့်ကြည့် နိုင်ရေးအတွက် Police Command Centre များ ဖွင့်လှစ် ထားရှိပြီး ရန်ကုန်မြို့တွင် ဆက်လက် ဖွင့်လှစ်ရန်လည်း စီမံ ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“အကြမ်းဖက်သမားများကို စောင့်ကြည့်နိုင်ရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ အရေးကြီးနေရာများတွင် CCTV များ တပ်ဆင် စောင့်ကြည့် နိုင်ရေးအတွက် Police Command Centre များ ဖွင့်လှစ် ထားရှိပြီး ရန်ကုန်မြို့တွင် ဆက်လက် ဖွင့်လှစ်ရန်လည်း စီမံ ဆောင်ရွက်လျက် ရှိပါတယ်၊ လေကြောင်းရဲတပ်ဖွဲ့ကလည်း လေဆိပ်တွေမှာ ခေတ်မီ နည်းပညာသုံး လုံခြုံရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများ တပ်ဆင်၍ ၂၄ နာရီ တာဝန်ချထား စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မက်မန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေး၏ “ ကမ္ဘာ့ နိုင်ငံများ၌ အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံ ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် မည်သို့စီစဉ်ထားသနည်း” ဟူသည့် မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် ဆက်စပ်သည့် ကိစ္စအားလုံးတွင် ဒေသတွင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ (CTC:_ Counter Terrorism committee) ၏ အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းများတွင် လက်မှတ် ရေးထိုးထားသည့် နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို ထိရောက်စွာ ကြိုတင် ကာကွယ်ရေး အစီအစဉ် ၁၄ ခုတို့ကို ဆောင်ရွက်လျက်ရှိပြီး အရေးကြီး နေရာများတွင် Police Command Centre များ ထားရှိခြင်းသည် တစ်ခု အပါအဝင် ဖြစ်သည်။

အကြမ်းဖက်မှု ဖြစ်ပွားပါက အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ရေးအတွက် သတင်းရဲတပ်ဖွဲ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာန အဖြစ် ဖွဲ့စည်း ပြင်ဆင် လေ့ကျင့်ထားခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ကဲ့သို့ အရေးကြီး ဒေသများတွင် အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့များ တာဝန်ချထားခြင်း၊ အရေးကြီး အဆောက်အအုံများ၊ တံတားများ၊ စက်ရုံများတွင် လုံခြုံရေး စီမံချက်များဖြင့် တာဝန်ချထားခြင်း၊ နိုင်ငံတကာ အကြမ်းဖက်မှု သတင်းများကို အချိန်နှင့် တပြေးညီ သိအောင် ပြုလုပ်၍ စိစစ် သုံးသပ်လျက် ကြိုတင် ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုကို အချိန်နှင့် တပြေးညီ တုံ့ပြန်နိုင်ရန် အမျိုးသား အဆင့် အရေးပေါ် စီမံ ခန့်ခွဲရေး ဗဟိုဌာန ထူထောင်ထားပြီး ယူရို ၁၀ သန်းတန်ဖိုးရှိ အဆင့်မြင့် အထောက်အကူပြု ပစ္စည်းများ တပ်ဆင် အသုံးပြုထားခြင်း၊ အရေးပေါ် စီမံခန့်ခွဲရေး ကော်မတီများကို ဗဟို အဆင့်မှ မြို့နယ် အဆင့်ထိ ဖွဲ့စည်းထားခြင်း၊ အကြမ်းဖက် လုပ်ရပ်များ၏ အရင်းအမြစ်ဖြစ်သည့် ငွေကြေး ခဝါချမှုများ တိုက်ဖျက်ရန် ဥပဒေ ပြဌာန်းမှု အပါအဝင် ဆက်စပ် လုပ်ငန်းများကို အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်း၊ Interpol, Aseanapol နှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိခြင်း စသည့် ကြိုတင် ကာကွယ်ရေး အစီအစဉ်များကိုလည်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

“စောင့်ကြည့် စစ်ဆေး နေရာတွေက ရရှိတဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး အကြမ်းဖက် သမားတို့၏ တိုက်ခိုက်မှု အန္တရာယ် အခြေအနေ၊ အကြမ်းဖက် သမားတို့၏ အဆင့်အတန်း အခြေအနေတွေ ကို နိုင်ငံတကာ သတ်မှတ်ချက် စံနှုန်းတွေနဲ့ အညီ – အစိမ်းရောင် – သာမန် အဆင့်(၅)၊ အပြာရောင် – စောင့်ကြည့် အဆင့် (၄)၊ အဝါရောင် – အဆင့်မြင့် အခြေအနေ အဆင့် (၃)၊ လိမ္မော်ရောင် – အမြင့်ဆုံး အဆင့် (၂)၊ အနီရောင် – အဆိုးဆုံး အခြေအနေ အဆင့် (၁) အဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ဖြည့်စွက်ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ၁၈၆၁ ခုနှစ် ရာဇသတ်ကြီး ဥပဒေ၊ ၁၈၇၈ ခုနှစ် လက်နက် ဥပဒေ၊ ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် လက်နက် ယာယီ ပြင်ဆင်မှု အက်ဥပဒေများ ရှိထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.