Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံသို့ရောက်ရှိလာသော UNHCR အထူးကိုယ်စားလှယ် မစ္စစ် အင်ဂျလီနာဂျိုလီ တို့တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ဆွဲနှုတ်ဆက် နေစဉ် (ဓာတ်ပုံ- Myanmar President's Office )

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် ၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဖြစ်သူ မစ္စစ် အင်ဂျလီနာဂျိုလီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့ ဇူလိုင်လ ၂၉ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် ၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဖြစ်သူ မစ္စစ် အင်ဂျလီနာဂျိုလီ၏ ခရီးစဉ်သည် ဇူလိုင် ၂၉ ရက်မှ စတင်၍ လေးရက်ကြာမြင့်မည် ဖြစ်ပြီး ယခု ခရီးစဉ် ပထမနေ့အစောပိုင်းတွင် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် နယ်စပ်ဒေသ အနီးရှိ ဒေသများတွင် အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ အခွင့်အရေး ဆုံးရှုံးမှု များပြားနေရခြင်း အကြောင်းများ ဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ၊ ဆင်းရဲ မွဲတေမှုများ ၊ တရားဥပဒေ စိုးမိုးရေး အားနည်းမှုများ စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂမှ အဖွဲ့အစည်းများ သာမက ယင်းဒေသများရှိ ပြည်သူများ၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ဥပဒေပြု အဖွဲ့အစည်းများ စသည်တို့မှလည်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လွှတ်တော်၏ ဥပဒေပြုရေးအခန်းကဏ္ဍမှ ဆောင်ရွက်ပေးနိုင်သည်များအား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ Mrs. Angelina Jolie ကဲ့သို့ ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံအတွက် စိတ်ဝင်စားစွာ ဆောင်ရွက်ပေးသည့် အတွက် ပိုမို ထိရောက် အောင်မြင်မည်ဟု ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှ တဆင့် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ နေပြည်တော်ရှိ ဇဗ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ဆွဲနှုတ်ဆက် နေစဉ် (ဓာတ်ပုံ -H.E. Thura U Shwe Mann)

ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး မစ္စစ် အင်ဂျလီနာဂျိုလီ ၏ ခရီးစဉ် အတွင်း အစိုးရအဖွဲ့ တာဝန်ရှိသူများကို တွေ့ဆုံသွားရန်ရှိပြီး လူ့အခွင့်ရေး နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ အမျိုးသမီး အခွင့်အရေး နှင့် ရွေးကောက်ပွဲ အသိပညာပေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ သွားရန် ရှိကြောင်း ဗြိတိသျှ သံရုံး ရန်ကုန်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး၏ အထူး သံတမန်အဖြစ် ဆောင်ရွက်နေသူ မစ္စစ် အင်ဂျလီနာဂျိုလီ သည် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UN Refugee Agency) ၏ သံတမန်အဖြစ် ၂၀၀၁ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် United Nations Association – USA က ချီးမြှင့်သည့် Global Humanitarian Action Award (ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူဆု) ကို ၂၀၀၅ ခုနှစ်တွင် ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.