Connect with us

Science & Technology

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်းကို မကြာမီ စတင်တော့မည်

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းပုံကြမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်းကို ခန့်မှန်းကာလ ၂ဝ၁၈ ခုနှစ် ဧပြီလ၌ စတင်၍ မေလ ပထမပတ်တွင် တံတားပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပ ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး အစီအစဉ်ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ တံတားတည်ဆောက်ရေး စီမံကိန်း စတင်တော့မည်ဖြစ်ရာ ဒလမြို့နယ်ဘက်ကမ်းရှိ တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာလျော်ကြေးနှင့် မြေငှားရမ်းခများကို ၂ဝ၁၅-၂ဝ၁၆ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြေယာလျော်ကြေး ပေးချေခဲ့ပြီးဖြစ်သော ဗိုလ်မင်းရောင်လမ်းပေါ်ရှိ မြေကွက်(၆၅)ကွက်နှင့် ၂ဝ၁၆-၂ဝ၁၇ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြေငှားရမ်းခ၊ မြေယာလျော်ကြေးနှင့် ဂရုဏာကြေး ပေးချေခဲ့ပြီးသော မြေကွက်များ၊ ဆိုင်ခန်းများ၊ နေအိမ်များနှင့် အဆောက်အဦများအား ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ စီမံကိန်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ရွှေ့ပြောင်းပေးနိုင်ရန် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်း တံတားအူကြောင်း (၄ဝ) မီတာအတွင်း မလွတ်ကင်းသည့် မြေယာငှားရမ်းခ၊ လျော်ကြေး( မြေကွက် ၆၈ ကွက်) ၊ ပုဂ္ဂလိကပိုင် အဆောက်အဦ၊ ဆိုင်ခန်း၊ စည်ပင်ဆိုင်ခန်းများ၊ သာသနိက အဆောက်အဦ၊ ပညာရေးဌာန အဆောက်အဦ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေပိုက်လိုင်း(စည်ပင်) ဒလဘက်ကမ်းနှင့် ရန်ကုန်ဘက်ကမ်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အတွင်းရှိ အဆောက်အဦများ ရန်ကုန်ဘက်ကမ်း စသည့် မြေယာနှင့် အဆောက်အဦများ တန်ဖိုးငွေစာရင်းမှာ ယနေ့အထိ စုစုပေါင်း ၁၄၆၈၂.၈၈ ကျပ်သိန်းပေါင်းကို လျော်ကြေး၊နစ်နာကြေး အနေဖြင့် ပေးပြီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူး တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတား(Cable Stayed Bridge)၊ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း(၇၅)တန်၊ စုစုပေါင်းတံတားအရှည် ၆၁၄၄ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်တံတား(ရန်ကုန်ဘက်ကမ်း) ၂ဝ၂၆ ပေ၊ ချဉ်းကပ်တံတား (ဒလဘက်ကမ်း) ၂၁၈၂ ပေ၊ ပင်မတံတား အကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ချဉ်းကပ်တံတား အကျယ်(ရန်ကုန်ဘက်ကမ်း) ၄၇ ပေ၊ ချဉ်းကပ်တံတားအကျယ် (ဒလဘက်ကမ်း) ၆၈ ပေ၊ ဆင်ခြေလျှော တံတားများအကျယ်(တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ ၊ ရေလမ်းကင်းလွတ်အကျယ် ၃၂ဝ မီတာ နှင့် Dead weight tonnage(DWT) ၁၅ဝဝဝ တန်ချိန် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူးတံတားကြီးကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈၃၃သန်း နှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ဝ.၃၄၁သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃သန်း ကုန်ကျမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင် လမ်းကို ဆက်သွယ်တည်ဆောက်သွားမည့် လမ်းအူကြောင်းကို ထိခိုက်မှု အနည်းဆုံးလမ်းကြောင်းအဖြစ် ရွေးချယ် တည်ဆောက်မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.