Connect with us

Science & Technology

ခြောက်နှစ်အတွင်း လက်ကိုင်ဖုန်း တစ်သန်းခွဲကျော်မှ အခွန်ငွေ ဒေါ်လာ သန်း ငါးဆယ်ကျော် ရရှိ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ပြည်သူ့ လွှတ်တော်၌ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၅ ရက် (ဆင်ဟွာ)

၂၀၁၁ – ၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်၊ ခြောက်နှစ်တာအတွင်း ပြည်ပမှ မိုဘိုင်းဖုန်း တင်သွင်းမှု အလုံးရေ တစ်သန်းခွဲကျော် (၁၆၃၂၁၈၇ လုံး) ရှိခဲ့ပြီး အဆိုပါ ဖုန်းများအတွက် အကောက်ခွန် အမေရိကန် ဒေါ်လာ သန်း ငါးဆယ်ကျော်(၅၀,၄၇၀,၁၅၆ ဒေါ်လာ) ရရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အကောက်ခွန် ဦးစီးဌာနအနေနဲ့ ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆ – ၂၀၁၇ ဖေဖော်ဝါရီ လကုန်အထိ ကောက်ခံရရှိခဲ့တဲ့ အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်းက အမေရိကန် ဒေါ်လာ သန်း ငါးဆယ်ကျော် ရခဲ့ပါတယ်” ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ မိုဘိုင်းဖုန်း၊ ဆင်းကတ်၊ အခွန်အခများနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ – ၂၀၁၂ မှ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ရောင်းချခဲ့သော SIM Card အရေအတွက်နှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၃၃,၉၆၂,၃၆၀ ကတ်၊ တယ်လီနော မြန်မာလီမိတက်က ၃၀,၈၂၂,၀၀၀ ကတ်၊ အော်ရီဒူး မြန်မာ လီမိတက်က ၂၂,၅၉၃,၀၀၀ ကတ် စုစုပေါင်း ၈၇,၃၇၇,၃၆၀ ကတ် ရောင်းချခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။

“ပင်လယ်ရေကြောင်း၊ လေဆိပ်နဲ့နယ်စပ် စခန်းတွေက တရားမဝင် ဝင်လာတဲ့အတွက် ၂၀၁၁ – ၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် အတွင်း ဖမ်းမိတဲ့ လက်ကိုင်ဖုန်း ၉,၂၈၉ လုံး၊ တန်ဖိုးအနေနဲ့ ကျပ်သန်း ၁,၂၉၃ ဒသမ ၅၆ (ခန့်မှန်း) ရှိခဲ့ပါတယ်” ဟုလည်း ၎င်းက ဖြေကြားခဲ့သည်။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များ ရရှိစေရေး၊ လက်ကိုင်ဖုန်း ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေး တို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.