Connect with us

Science & Technology

ယခုနှစ် နွေရာသီတွင် လက်ရှိ လျှပ်စစ် ထုတ်လုပ်နိုင်မှုထက် ၂၈၀ မဂ္ဂါဝပ် လိုအပ်ဟု ပြည်ထောင်စု ဝန်ကြီးဆို

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

နွေရာသီကာလတွင် လက်ရှိ လျှပ်စစ် ထုတ်လုပ်နိုင်မှုထက် ၂၈၀ မဂ္ဂါဝပ် ထပ်မံ လိုအပ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က ပြောကြားသည်။

၂၀၁၆ ခုနှစ် နွေရာသီ ကာလတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ ဓာတ်အားပေးစက်ရုံ များ၏ ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး နိုင်မည့် ပမာဏမှာ စုစုပေါင်း မဂ္ဂါဝပ် ၂,၄၅၀ ရှိပါကြောင်း၊၂၀၁၆ ခုနှစ် နွေရာသီကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂,၇၃၀ မဂ္ဂါဝပ်ခန့် ရှိမည် ဖြစ်သဖြင့် လက်ရှိ ထုတ်လုပ် နိုင်မှုထက် ၂၈၀ မဂ္ဂါဝပ် ထပ်မံ လိုအပ်မည်ဟု ခန့်မှန်းရပါကြောင်း ၎င်းက ယနေ့ ပြည်သူ့ လွှတ်တော်တွင် ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက် နေ့ အစည်းအဝေးတွင် တောင်သာ မဲဆန္ဒနယ်မှ ဦးစစ်အေး၏ ၂၀၁၆ ခုနှစ် လာမည့် နွေရာသီတွင် အယ်လ်နီညို သက်ရောက်မှုကြောင့် ရေလျော့နည်းဆုံး ရှုံးမှု ပိုမိုဖြစ်လာနိုင်ပါ သဖြင့် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဝန်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ အစီအမံများ ချမှတ် ဆောင်ရွက်ထားသည်ကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။

နွေရာသီကာလ ဓာတ်အား ထုတ်လုပ်မှု လျော့ကျသွားသည့် ပမာဏအား ပြန်လည် ဖြည့်ဆည်းနိုင်ရန် သဘာဝ ဓာတ်ငွေ့သုံး အင်ဂျင်စက်များဖြင့် ဓာတ်အား ထုတ်လုပ်ခဲ့သဖြင့် ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ် နွေရာသီကာလများတွင် ဝန်အား လျှော့ချရခြင်း မရှိဘဲ ပုံမှန် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက ဆိုသည်။

၂၀၁၆ ခုနှစ် နွေရာသီ ကာလတွင်လည်း အယ်လ်နီညို သက်ရောက် မှုကြောင့် ရေလျော့နည်းမှု အနည်းငယ် ရှိသော်လည်း ရေအား လျှပ်စစ် စက်ရုံများအနေဖြင့် ပုံမှန် လည်ပတ်မောင်းနှင်လျက် ရှိကြောင်း၊ ရွှေလီ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ၁၀၀ မဂ္ဂါဝပ် ၊ ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ၄၅ မဂ္ဂါဝပ် ၊ မြင်းခြံ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ၁၃၀ မဂ္ဂါဝပ်၊ သီလဝါ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ၂၅ မဂ္ဂါဝပ် စုစုပေါင်း ၃၀၀ မဂ္ဂါဝပ် ထပ်တိုး ထုတ်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက် ထားပါကြောင်း ၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.