Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့သို့ ဆက်သွယ်ထားသော သခွပ်မြစ်ကူးတံတားအသစ် တည်ဆောက်မည်

သခွပ်မြစ်ကူးတံတားအသစ်တည်ဆောက်မည့်နေရာအားတာဝန်ရှိသူများမှကြည့်ရှုစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ် တို့သို့ ဆက်သွယ်တည်ဆောက်ထားသော သခွပ်မြစ်ကူး တံတားမှာ နှစ်ကာလရှည်ကြာပြီးဖြစ်၍ အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

သခွပ်မြစ်ကူးတံတားကို အရှည် ၄၉၆ ပေ၊ အကျယ် ၃၁ ပေ၊ တစ်ဖက်လျှင် လူသွားလမ်း ၂ ပေနှင့် ၃ လက်မ အပါအဝင်ဖြစ်ပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ကိုယ်ထည်ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တံတားတည်ဆောက်ရေးလုပ်ငန်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၁) မှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများ က သခွပ်မြစ်ကူးတံတားတည်ဆောက်မည့် နေရာကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ တံတားသည် ဒလမြို့နယ်၊ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ်၊ ဒေးဒရဲမြို့နယ်တို့ကို ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း- ကညင်ကုန်းလမ်းပေါ်တွင် တည်ရှိ သော လမ်းဖြစ်ပြီး လက်ရှိအချိန်တွင် သခွပ်မြစ်ကူးတံတား ဟောင်းပေါ်မှ နေ့စဉ်ယာဉ်အစီးရေ ၁၀၀၀ ကျော် ပုံမှန် သွားလာအသုံးပြုလျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၁၅ ရက် က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ် မတ် ၂၇ ရက် တွင် တည်ဆောက်ပြီးစီးခဲ့သည်။ နှစ်ကာလရှည်ကြာမှု နှင့်အတူ တံတားကြံ့ခိုင်မှု အားနည်းလာခြင်းတို့ကြောင့် အသစ်ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.