Connect with us

Science & Technology

လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဈေးကွက် စီးပွားရေး စနစ်ဖြင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက်နိုင်ရန် လေယာဉ် ၁၈ စီး အင်အား ဖြည့်တင်းရန် စီစဉ်ထား

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ခေတ်မီ လေယာဉ်များအား ဝယ်ယူ / ငှားရမ်းပြီး ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်းကို ဈေးကွက် စီးပွားရေး စနစ်ဖြင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက် နိုင်ရန် စုစုပေါင်း လေယာဉ် ၁၈ စီး အင်အား ဖြည့်တင်းရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်က ယနေ့နေပြည်တော်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံပိုင်နှင့် အမျိုးသား ပုဂ္ဂလိက လေကြောင်းလိုင်း အရေအတွက် အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ၆ လိုင်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လေယာဉ်လိုင်း ၁၀ လိုင်းအထိ တိုးတက်လာကြောင်း၊ မြန်မာနိုင်ငံသို့ ပျံသန်း သည့် နိုင်ငံတကာ လေကြောင်းလိုင်း အရေအတွက်သည်လည်း ၂၀၁၀ ခုနှစ်တွင် လေကြောင်းလိုင်း ၁၃ လိုင်းမှ ၂၀၁၄ ခုနှစ် တွင် ၂၃ လိုင်းအထိ တိုးတက်လာကြောင်း ၊ လေယာဉ်ကွင်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အထိ စုစုပေါင်း ဘဏ္ဍာငွေကျပ် ၁၀.၂၇ ဘီလီယံခန့် အသုံးပြု၍ ပြည်တွင်း လေယာဉ်ကွင်း ၃၃ ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း ဒုတိယ ဝန်ကြီး ဦးဟံစိန်က ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ မေးမြန်းမှုကို ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည့် အတွက် လေကြောင်းမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှု တွင် ၂၀၁၀ ခုနှစ်တွင် ပြည်တွင်း ခရီးသည် ၂.၃ သန်းနှင့် ပြည်ပခရီးသည် ၁.၂ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းခရီးသည် ၄.၄ သန်းနှင့် ပြည်ပ ခရီးသည် ၃.၂ သန်းထိ တိုးတက်ခဲ့သည်ဟု ဆိုသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်သော ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ရေရှည်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ National Transport Master Plan ရေးဆွဲပြီး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)