Connect with us

Social

နန်းမြိုင် ဟိုတယ် ရာပြည့်ပွဲ ကျင်းပမည်

နန်းမြိုင် ဟိုတယ် ရာပြည့်ပွဲဆိုင်ရာ သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော နိုင်ငံတော်က ပိုင်ဆိုင် သည့် နန်းမြိုင် ဟိုတယ်၏ ရာပြည့်ပွဲတော်ကို မတ်လ(၁)ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ နှစ်လတိုင် ကျင်းပသွားမည်ဟု အဆိုပါ ဟိုတယ်အား နှစ်ရှည် ငှားရမ်းလုပ်ကိုင်လျက်ရှိသော National Trading ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ယနေ့ သတင်းစာ ရှင်းလင်း ပွဲတွင် ပြောခဲ့သည်။

“နှစ် တစ်ရာပြည့် အထိမ်းအမှတ်ပွဲတော်ကို နှစ်လ ကျင်းပပါမယ်၊ ကိုလိုနီခေတ် အဆောက်အအုံ ဟောင်းကို ထိန်းသိမ်းထားရှိရေး၊ ယနေ့ခေတ် ပြည်သူများ၊ နိုင်ငံတကာ ဧည့်သည်များက နန်းမြိုင် ဟိုတယ်ကို သိရှိ တန်ဖိုးထားလာကြစေရန်၊ ပြင်ဦးလွင်ဒေသကို ခရီးသွားဒေသအဖြစ် ပိုမို စိတ်ဝင်စား လာကြစေရန်နဲ့ မြန်မာ့ခရီးသွား လုပ်ငန်း ပိုမိုတိုးတက်လာစေရန် … စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်ပါတယ်” ဟု Orchid Hotel Group ၏ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သည့် ဦးဌေးအောင်က ရှင်းလင်း ပြောကြားသည်။ အဆိုပါ ရာပြည့်ပွဲတော်၌ တေးဂီတ ဖျော်ဖြေပွဲများအပြင် မြန်မာ့ ရုပ်ရှင် အနှစ် တစ်ရာပြည့်နှင့် တိုက်ဆိုင်နေသည့်အတွက် မြန်မာ့ ရှေးဟောင်းရုပ်ရှင်ကားများ၊ ငြိမ့်၊မြေဝိုင်းဇာတ်၊ ရုပ်သေး ပွဲလမ်းသဘင်များ၊ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ ပြပွဲပြိုင်ပွဲများ၊ မြန်မာ့ ရိုးရာ အစားအစာများ၊ ဒေသထွက် သစ်သီးဝလံ ပန်းမန် အရောင်းပြခန်းများ၊ မောင်ပြိုင်ပွဲ မယ်ပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ ကလေးစာပေနှင့် ကျဘမ်းစကားပြောပွဲများ၊ ရိုးရာ အားကစား ပြိုင်ပွဲများ၊ မီးထွန်းပွဲနှင့် ဝင်္ကပါ လျှောက်လမ်းများ … ဖြင့် ထည့်သွင်း ကျင်းပသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးမြတ်ခိုင်၊ National Trading ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင် နှင့် အကယ်ဒမီလူမင်းတို့က ဖြေကြားနေစဉ် (ဆင်ဟွာ)

ကိုလိုနီခေတ် ဘုရင်ခံချုပ်၏ နွေရာသီ စံအိမ်တော် အဖြစ် ၁၉၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဟိုတယ်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည့် အဆိုပါ နန်းမြိုင်ဟိုတယ်တွင် မူလက အဆောက်အအုံ လေးခုရှိခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကြောင့် အဆောက်အအုံ တစ်ခု ပျက်စီးခဲ့ရကြောင်း၊ ယခုအခါ အဆောက်အအုံ သုံးခုသာ ကျန်ရှိပြီးအခန်း ပေါင်း ၃၂ ခန်းတို့ဖြင့် လုပ်ငန်း ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.