Connect with us

Social

ချင်းပြည်နယ် ဟားခါးခရိုင်ရှိ ဆူရ်ခွားကျေးရွာအား ဆူရ်ခွားမြို့အဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်

ဆူရ်ခွားမြို့ဖွင့်ပွဲ ကမ္ဗည်းကျောက်စာအား တာဝန်ရှိသူများက စက်ခလုတ်နှိပ် ဖွင့်လှစ်စဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်၊ ဟားခါးခရိုင်အတွင်းရှိ ဆူရ်ခွားကျေးရွာအား ဆူရ်ခွားမြို့အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း အရ သိရသည်။

ဟားခါးမြို့နယ်၊ ဆူရ်ခွားကျေးရွာအုပ်စုအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီး ဌာန၏ ၂၀၁၉ခုနှစ် မေလ ၁၆ ရက်နေ့၊ အမိန့်ကြော်ငြာ စာအမှတ်(၁၂၈/၂၀၁၉)ဖြင့် ဆူရ်ခွားမြို့ အဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆိုင်လိုသာရ် ရပ်ကွက်၊ စလုံပူး ရပ်ကွက် စသည့် ရပ်ကွက်(၂)ခုဖြင့် ဖွဲ့စည်း ထားရှိ ကြောင်း သိရသည်။

ဆူရ်ခွားမြို့၏မြောက်ဘက်(၅၀)မိုင်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်(၅၀) မိုင်အကွာတွင် မတူပီမြို့နယ်၊ (၅၅) မိုင် အကွာ တွင် ရေဇွာမြို့နယ်တို့နှင့် မြို့နယ်ချင်းဆက်စပ် လျက်ရှိပြီး ဟားခါး − မတူပီလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် ဒေသ ဖွံ့ဖြိုးရေးအတွက် အချက်အခြာကျသော မြို့တစ်မြို့ဖြစ် ကြောင်း သိရသည်။

ဆူရ်ခွားမြို့အား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအပါအဝင် ဌာနပေါင်း(၁၇)ဌာနကို ဖွင့်လှစ်ရန် လျာထား ဆောင်ရွက် လျက်ရှိပြီး ယခုလက်ရှိတွင် ဆူရ်ခွားမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်မြေရဲစခန်း၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ် ဉီးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း စသည့်ဌာန(၅)ခု ရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ မြို့ဧရိယာ (၂၅၉၇၃) ဧက ကျယ်ဝန်းကြောင်း သိရသည်။

ဆူရ်ခွားကျေးရွာအား မြို့အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဆူရ်ခွားမြို့ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဉီးအား ချင်းပြည်နယ်ဝန်ကြီး ချုပ်ကိုယ်စား၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဉီးဝီကော၊ လွှတ်တော်ဉက္ကဋ္ဌ ဉီးဇိုဘွဲ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဉီးရွှေထီးအိုးနှင့် ပြည်နယ် အုပ်ချုပ် ရေးမှူး ဉီးတိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရသည်။(Xinhua)