Connect with us

Social

ယနေ့ မှ စတင်၍ အမြန်ရထားများ တိုးချဲ့ပြေးဆွဲလျက်ရှိ

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊သြဂုတ် ၁ ရက် (ဆင်ဟွာ) 

ယနေ့ သြဂုတ် ၁ ရက်မှစတင်၍ အမြန်ရထားများ တိုးချဲ့ပြေးဆွဲလျက်ရှိပြီး အစိုးရ ရုံးပိတ်ရက်များတွင် နေပြည်တော်-ရန်ကုန် အထူးရထား ပြေးဆွဲပေးရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးဘမြင့်က ဆင်ဟွာကို သြဂုတ် ၁ ရက်တွင်ပြောသည်။

“မြန်မာ့မီးရထားအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ အမြန်ရထားတွေ တိုးချဲ့ပြေးဆွဲမှာပါ’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါအမြန်ရထားများ ပြေးဆွဲခြင်း ကို   သြဂုတ် ၁ ရက်မှ   စတင်မည်ဖြစ်ပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ   အမှတ်(၅၅)အဆန်နှင့် (၅၆)အစုန်၊ ပုသိမ်-ကြံခင်း လမ်းပိုင်းရှိ    အမှတ် (၁၈၁)အဆန်နှင့် (၁၈၂)အစုန်၊   ကြည့်မြင်တိုင်-သာရဝေါ လမ်းပိုင်းရှိ အမှတ်(၆၉) အဆန်နှင့် (၇ဝ)အစုန်၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း ရှိ အမှတ်(၁ဝ၃) အဆန်နှင့် (၁ဝ၄)အစုန် ကို  တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း  သိရသည်။ 

ယင်းအထူးရထားသည် နေပြည်တော်ဘူတာမှ ညပိုင်းတွင် ထွက်ခွာပြီး နောက်နေ့နံနက်တွင် ရန်ကုန်ဘူတာကြီးသို့  ဆိုက်ရောက်မည်ဖြစ်ကာ  ရထားအချိန်စာရင်းနှင့် ရထားလက်မှတ်ခများမှာ ပြောင်းလဲမှု မရှိကြောင်း သိရသည်။ ထို့ပြင်  အစိုးရရုံးပိတ်ရက်  လေးရက်တာ ကာလအတွင်း နေပြည်တော်-ရန်ကုန် လမ်းပိုင်းရှိ အမှတ်(၇) အဆန်နှင့် အမှတ် (၈)အစုန်  အထူးရထားကို  ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ဧပြီ ၁ဝ ရက်မှစ၍ အဓိကကျသည့် လမ်းပိုင်းကြီး ခြောက်ခုတွင် အစုန်၊ အဆန်ရထားတစ်စင်းစီကိုသာ ပြေးဆွဲပေးခဲ့ပြီး ကျန်လမ်းပိုင်းအသီး သီး၌ပြေးဆွဲနေသော လူစီးရထားများကို ယာယီရပ်နား ထားခဲ့ကြောင်း သိရသည်။  

ခပ်ခွါခွါစီးနင်းစေသည့်ပုံစံ  (Social Distancing) ဖြင့်  ရထားပေါ်၌  ၂ယောက်ထိုင်ခုံ တွင် လူတစ်ဦးသာထိုင်ခွင့်ပြုပြီးလက်မှတ်ကို ၁ ယောက်စာဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း ထိုင်ခုံမဲ့များအတွက် ရထားလက်မှတ် အား ဇွန် ၁၆ ရက်မှ စ၍ ရောင်းချပေးခြင်းမရှိတော့ကြောင်း သိရသည်။  (Xinhua)