Connect with us

Social

ရန်ကုန်ရှိ ပြည်သူများအတွက် အခန်းပေါင်း ၆,၃၀၀ ပါဝင်သော အငှားအိမ်ရာစီမံကိန်းပန္နက်တင်အခမ်းအနား သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် 

ပြည်သူများအတွက် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်စဉ် (ဓာတ်ပုံ--ဦးဖြိုးမင်းသိန်း Facebook)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စံပြစိုက်ပျိုးရေးအထူးဇုန်၌ ယနေ့နံနက်တွင် ပြည်သူများအတွက် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားအား ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အဆိုပါပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွက် အခန်းပေါင်း ၆,၃၀၀ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။

“ပြည်သူများအတွက် အငှားအိမ်ရာစီမံကိန်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ COVID-19 ရောဂါဖြစ်ပွားတဲ့ကာလ ဆွေးနွေးပွဲ မှာ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့နဲ့ ပြည်သူတွေ နေရေးရဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်တွေ နဲ့ အခန်းပေါင်း ၁၀,၀၀၀  ကို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး နဲ့ ရန်ကုန်တိုင်းဒေသကြီး မှာ တည်ဆောက်သွားဖို့ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ကတော့ ရန်ကုန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပန္နက်တင်အခမ်းအနား ကို တက်ရောက်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်’’ ဟု ဦးမင်းထိန်ကပြောသည်။ 

ပြည်သူများအတွက် အငှားအိမ်ရာစီမံကိန်း ကို နေပြည်တော် တွင် အခန်းပေါင်း ၇၀၀၊ ရန်ကုန်တိုင်းဒေသကြီးတွင်အခန်းပေါင်း ၆,၃၀၀နှင့် မန္တလေးတိုင်းဒေသကြီးတွင် အခန်းပေါင်း ၃,၀၀၀ကို  မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၃ သင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပူးပေါင်းပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကြောင့် အလုပ်သမားအင်အား ၁၀၀,၀၀၀ ကျော် ခန့်အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ ကာလအတွင်း လူဦးရေတိုးနှုန်းအရ အိမ်ရာတစ်သန်း လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀,၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

“ဈေးသက်သက်သာသာ နဲ့ နေလို့ရအောင် ဆောင်ရွက်ပေးတဲ့ သဘောပါ။ ပြည်သူတွေ အတွက် အထိုက်အလျောက် နေရေးတွေ အဆင်ပြေလာမယ်၊ ဒီလိုလုပ်ငန်းမျိုးတွေကို စဉ်ဆက်မပြတ်လုပ်သွားရင် ပြည်သူတွေ နေရေးတွေ အဆင်ပြေသွားမယ်။ ဒါကြောင့် စဉ်ဆက်မပြတ်လုပ်သွားဖို့ လိုတယ်လို့ပြောချင်ပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စံပြစိုက်ပျိုးရေးအထူးဇုန်၌ ပြည်သူများအတွက် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.