Connect with us

Social

သက်မွေးပညာရေးကို ပိုပြီးတန်ဖိုးထားသင့်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နည်းပညာ မြှင့်တင်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင် အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အဆင့်မြင့်ပညာတွင် တက္ကသိုလ်ပညာ သာမက အသက်မွေးပညာ၊ နည်းပညာလည်း ပါဝင်ပြီး နိုင်ငံသူ နိုင်ငံသားတို့ အနေဖြင့် အသက်မွေးပညာရေးကို ပိုပြီး တန်ဖိုးထားသင့်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပညာဆိုတာ တကယ်တော့ ကိုယ်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်း၊ ကျော်လွှားနိုင်ခြင်း အဲဒီ အရည်အချင်းတွေဟာ ပညာပါပဲ။ ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာ အသက်မွေးဝမ်းကျောင်း ပညာရဲ့ အရေးပါမှုဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြီးထွားလာပါတယ်။ ခုနောက်ပိုင်းမှာ တက္ကသိုလ်ပညာနဲ့ ဘွဲ့ရထားတဲ့ လူငယ်များဟာ ကျေနပ်လောက်အောင် အလုပ်မရနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ပြောရမယ်ဆိုရင် တက္ကသိုလ်ဘွဲ့ရတဲ့ သူတွေတောင်မှ အလုပ်ရတာ မဟုတ်ပါဘူး။ အလုပ်ရရေးကို အဓိကထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေ တင်မကဘဲ မိဘတွေကပါ အသက်မွေးဝမ်းကျောင်း ပညာကို တန်ဖိုးထားလာဖို့ အရေးကြီးပါတယ်” ဟု နေပြည်တော် MICC II တွင် ဇူလိုင်လ ၁၅ ရက် မှ ၁၆ ရက်ထိ ပြုလုပ်သည့် နည်းပညာ မြှင့်တင်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ အဖွင့် အမှာစကားတွင် ၎င်းက ပြောကြားခဲ့သည်။

နည်းပညာ မြှင့်တင်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နည်းပညာ မြှင့်တင်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာစဉ် (ဆင်ဟွာ)
အရှေ့တိုင်းနိုင်ငံများတွင် အထူးသဖြင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာကိုသာ တန်ဖိုးထားကြပြီး အသက်မွေးဝမ်းကျောင်း ပညာကို တန်ဖိုး မထားကြကြောင်း၊ တက္ကသိုလ်ပညာ မဆည်းပူးနိုင်သည့်၊ တက္ကသိုလ်ပညာ အဆင့်ကို မရောက်နိုင်သည့် ကျောင်းသူကျောင်းသားများက အသက်မွေး ပညာဘက်ကို သွားကြရသည် ဟူသည့် ထင်မြင်ချက်များ ရှိလာကြောင်း၊ တက္ကသိုလ်ပညာ ဆိုသည်မှာ ပညာသက်သက် တည်ထောင်ထားသည့် ကျောင်းဟု ပြောနိုင်ပြီး ဘာသာရပ် အမျိုးမျိုးကို ကြွယ်ကြွယ်ဝဝ နားလည်အောင် သင်ကြားပေးသည့် နေရာဖြစ်ကြောင်း၊ ကိုယ့်ဝါသနာအရ ကိုယ့်မွေးရာပါဗီဇ အရည်အချင်းအရ လုပ်နိုင်အောင် သင်ပေးခြင်းမှာ အသက်မွေးဝမ်းကျောင်း ပညာ သင်ပေးခြင်းဖြစ်ပြီး သင်တန်းမဆင်းမီကပင် အလုပ်အတွက် ကမ်းလှမ်းခံသည့် အခွင့်အလမ်းများ ရှိကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
“ပညာဆိုတာ တကယ်တော့ ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်း၊ ကျော်လွှားနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို မရင်ဆိုင်နိုင်ဘူး၊ မကျော်လွှားနိုင်ဘူး ဆိုလို့ရှိရင် ဒီပညာဟာ ဘယ်လောက်အထိ ကိုယ့်အတွက်နဲ့ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက် အကျိုးရှိနိုင် သလဲဆိုတာ စဉ်းစားရမှာပါ။ အသက်မွေးဝမ်းကျောင်း ပညာကို ဂုဏ်ယူစရာ မြတ်နိုးစရာ တန်ဖိုးထားစရာ ဖြစ်စေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာကို အထူးတန်ဖိုးထားတဲ့ နိုင်ငံတွေဟာ အင်မတန်မှ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေပါ” ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ မိဘအများစုတို့သည် မိမိတို့သားသမီးများအား တတ်စွမ်းနိုင်သမျှ တက္ကသိုလ်ကိုသာ သွားစေချင်ကြပြီး သက်မွေးပညာ သင်တန်းများ၊ ကျောင်းများသို့ မပို့လိုကြသဖြင့် အစိုးရအပိုင်းက သက်မွေးပညာကျောင်းများ ဘယ်လောက်ပင် ဖွင့်သည်ဖြစ်စေ သက်မွေးပညာကို ဒုတိယတန်းစား ပညာဟုသာ ထင်မြင်နေပြီး တက္ကသိုလ်အဆင့် မမီမှသာ ပို့ကြမည်ဟူသည့် သဘောထားရှိသည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြောသည်။
“တက္ကသိုလ်အဆင့် မမီမှ အဲဒီကို သွားစေမယ် ဆိုတဲ့ စိတ်ဓာတ်တွေ ရှိမယ်ဆိုရင် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ကတော့ အသက်မွေးဝမ်းကျောင်း ပညာကို အင်မတန်မှ လေးစားတယ်၊ တန်ဖိုးထားတယ်။ အသက်မွေးဝမ်းကျောင်းပညာ အောင်မြင်ရေး အတွက် အားလုံးက ဝိုင်းဝန်း ကြိုးပမ်း စေချင်ပါတယ်။ ကြိုးပမ်းတဲ့ နေရာမှာ နိုင်ငံတကာရဲ့ အကူအညီကိုလည်း ကျွန်မတို့ယူမှာပါ။ ကျွန်မတို့နိုင်ငံသားတွေကိုယ်တိုင်က အသက်မွေးဝမ်းကျောင်း ပညာရဲ့ တန်ဖိုးကို လက်ခံမှ ဒီစနစ်ဟာ အောင်မြင်မှာပါ” ဟု ၎င်းက သုံးသပ် ပြောကြားသည်။
အသက်မွေးဝမ်းကျောင်း ပညာစနစ် အောင်မြင်သည့် နိုင်ငံများတွင် ကျောင်းတက်နေရင်း လုပ်ငန်းခွင်မှာ တစ်ပတ်မှာ သုံးရက်လောက် အလုပ်သင်အဖြစ် လက်တွေ့ကျကျ လုပ်ပြီးကျန်တဲ့ ရက်၌ စာသင်ကြကြောင်း၊ ကုမ္ပဏီများက အလုပ်သင် လုပ်ခလည်း ပေးကြောင်း၊ အတွေ့အကြုံလည်း ရထားသဖြင့် ကျောင်းသား အများစုတို့သည် ဘွဲ့ရသည်နှင့် လုပ်ငန်းခွင်ထဲမှာ တန်းပြီး အလုပ်ရသွားကြောင်း၊ ထို အခြေအနေမျိုး ရောက်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များကလည်း လက်ရှိ ပညာရေး စနစ်ကို နိုင်ငံ၏ စီးပွားရေး လိုအပ်ချက်နှင့် ကိုက်ညီစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို အကြံပြုကြဖို့၊ ပညာရေးဌာန ဘက်ကလည်း လုပ်ငန်းရှင်များကို မည်သို့ ကူညီနိုင်မည်နည်း စသည်တို့ကို အပြန်အလှန် အကြံပြုကြဖို့နှင့် အဆင့်မြင့်ပညာရေးမှာ တက္ကသိုလ် ပညာသာ မဟုတ်ဘဲ၊ နည်းပညာ၊ အသက်မွေးပညာများလည်း ပါဝင်သည် ဟူသည့် စိတ်ဓာတ်ဖြင့် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ပြောကြားခဲ့သည်။
ဇူလိုင်လ ၁၅ နှင့် ၁၆ ရက် – နှစ်ရက်တိုင် ပြုလုပ်မည့် အဆိုပါ နှီးနှော ဖလှယ်ပွဲသို့ နိုင်ငံတော် သမ္မတကတော် ဒေါ်စုစုလွင်လည်း တက်ရောက်ခဲ့ပြီး၊ နည်းပညာ၊ အသက်မွေးပညာနှင့် ပတ်သက်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117