Connect with us

Social

ဆွာရေဘေး အတွက် Power China Co. က ဒေါ်လာ တစ်သိန်း လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် Power China International Co., Ltd. က အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သူက လက်ခံရယူခဲ့သည်။

နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးအမှတ် (၁၅) တွင် ပြုလုပ်သော ငွေ လှူဒါန်းပွဲ၌ အဆိုပါ ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် Mr. Yang Jian က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိပြီး ကမ္ဘာ့ လျှပ်စစ် စွမ်းအင် ကဏ္ဍ၏ ထိပ်တန်း ကုမ္ပဏီများတွင် ပါဝင်သည့် Power China International Co., Ltd. သည် ဝန်ထမ်း အင်အား နှစ်သိန်း နှစ်သောင်း ရှိပြီး ကမ္ဘာ့ ထိပ်တန်း ကော်ပိုရေးရှင်း ၅၀၀ အနက် အဆင့် ၁၈၂ ရရှိထား ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ထုတ်ခြင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်း၊ နေရောင်ခြည်သုံး လျျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ စည်ပင် သာယာရေးအဖွဲ့များနှင့် ဆောက်လုပ်ခြင်းတို့တွင် CPC စနစ် ၊ ရင်းနှီးမြှုပ်နှံမှု စနစ်များဖြင့် အနှစ် ၃၀ နီးပါး ဆောင်ရွက် လျက်ရှိပြီး မြန်မာ လုပ်ငန်းရှင်များ၊ ပြည်သူပြည်သားများ၏ ချစ်ခင် ရင်းနှီးမှုကိုရရှိထားပြီး ဖြစ်ကြောင်း၊ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်မှုကြောင်း အိမ်ထောင်စု ၁၂၀၀၀ ကျော် ရေလွှမ်းမှုများအပေါ် Power China International Co., Ltd. အနေဖြင့် ကယ်ဆယ် ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဘေးကြောင့် ဆုံးရှုံးရမှုများ အား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် စေတနာအရ အမေရိကန်ဒေါ်လာ တစ်သိန်း ကူညီ ထောက်ပံ့ ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ငွေလှူဒါန်းပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ကောင်စစ်ဝန် Mr. Xie Guoxiang က “ရေဘေးဒုက္ခ ခံစားနေရတဲ့ ပြည်သူများကို တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား ကျွန်တော်က နှစ်သိမ့် အားပေး စကား ပြောကြားလိုပါတယ်၊ ရေဘေးသင့်ပြည်သူများဟာ မြန်မာနိုင်ငံ အစိုးရရဲ့ တာဝန်ယူ ဆောင်ရွက်မှုနဲ့ အသိုက်အဝန်းများရဲ့ အကူအညီတွေ အပြည့်အ၀ ရရှိနိုင်တဲ့အတွက် အခက်အခဲတွေကို အမြန်ဆုံး ဆောလျင်စွာ ကျော်လွှား နိုင်မယ် ဆိုတာကို ရဲရဲကြီး ယုံကြည်မိပါတယ်” ဟု ပြောခဲ့သည်။

ထို့အပြင် အနာဂတ်၌ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံ လုပ်ငန်းများတွင် တရုတ်နိုင်ငံက ပါဝင် ကူညီ ထောက်ပံ့ခြင်း အားဖြင့် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းနှင့် လူနေမှု အဆင့်အတန်းမြှင့်တင်ရေး လုပ်ငန်းများတွင်လည်း ကူညီ ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကောင်စစ်ဝန်က ပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာ အောင်သူက ကျေးဇူးတင်စကား ပြောကြားခြင်း၊ အလှူငွေ လက်ခံရယူခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ ငွေလှူဒါန်းပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် နှင့် သက်ဆိုင်ရာ အရာကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ကောင်စစ်ဝန် Mr. Xie Guoxiang နှင့် အဖွဲ့၊ Power China International Co., Ltd. မှ အရာရှိကြီးများ တက် ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် Power China International Co., Ltd. မှ တာဝန်ရှိ သူများ နှင့် ပညာရှင်များ ဆွာချောင်း ရေလွှမ်းဒေသသို့ သွားရောက်ကာ Power China ဝန်ထမ်းများ စုပေါင်း လှူဒါန်းကြသည့် စားဖွယ် သောက်ဖွယ်များကို ရေဘေးသင့် ပြည်သူများထံ ပေးအပ်ခြင်း၊ ရေဘေးသင့် ဒေသအား ပြန်လည် ထူထောင်ရာတွင် အကူအညီပေးနိုင်ရေးအတွက် ကွင်းဆင်း လေ့လာခြင်းများ ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.