Connect with us

Sport

မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းဘောလုံးပြိုင်ပွဲအဖွင့်ပွဲတွင် သရေကျ

မြန်မာအမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) 

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို နိုဝင်ဘာ ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဘီနန်ကွင်း၌ စတင်ကျင်းပရာ မြန်မာအသင်းနှင့် အိမ်ရှင်ဖိလစ်ပိုင် အသင်း ဂိုးမရှိသရေရလဒ် ထွက်ပေါ် ခဲ့ပြီး မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၂ ရက် တွင် မလေးရှားအသင်းနှင့် ကစားရမည် ဖြစ်ကြောင်းသိရသည်။ 

မြန်မာအမျိုးသမီးအသင်းသည် ခင်မာလာထွန်း၊ ဝင်းသိင်္ဂီထွန်း၊ ခင်သန်းဝေ၊ ခင်မိုးဝေ စသည့် အမာခံ ကစားသမားအစုံအလင်ဖြင့် ပွဲထွက် ခဲ့သည်။ အိမ်ရှင်ဖိလစ်ပိုင်အသင်းမှာမူ မြန်မာအသင်းကို အပြန်အလှန်ကစား နိုင်ရန် ကြိုပမ်းခဲ့သည်။ ဖိလစ်ပိုင် အသင်းသည် မြန်မာအသင်း စိတ်ကြိုက် တိုက်စစ်ဆင်ခွင့်မရ အောင် အဆင့်ဆင့်ဖျက်ထုတ်ခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန်ကြိုးပမ်း ခဲ့သည်။ မြန်မာအသင်းသည် ပထမ ပိုင်းတွင် ဂိုးရနိုင်သည့် အခွင့်အရေး အနည်းငယ်သာရခဲ့ပြီး ဖိလစ်ပိုင် အသင်းကပင် ဂိုးပေါက်ခြိမ်းခြောက် မှု ပိုမိုပြုလုပ်နိုင်ခဲ့သည်။

မြန်မာအသင်းသည် ဒုတိယ ပိုင်းတွင် တိုက်စစ်မြှင့်လာသလို ကစားသမားများလည်း ပြောင်းလဲခဲ့ သည်။ မြန်မာအသင်းသည် ဒုတိယ ပိုင်းတွင် ပိုမိုဖိကစားနိုင်ခဲ့ပြီး ၆၇ မိနစ် တွင် အသင်းခေါင်းဆောင် ခင်မာလာ ထွန်း အပိုင်ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ မိနစ် ၇၀ နောက်ပိုင်းတွင် ပွဲမှာအပြန်အလှန် ရှိခဲ့ပြီး ဖိလစ်ပိုင်အသင်း ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သော်လည်း မြန်မာခံစစ်ပိုင်းက ကာကွယ်နိုင်ခဲ့ သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်း စလုံးဂိုးထပ်မသွင်းနိုင်သောကြောင့် ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

အုပ်စု(ခ)ပွဲစဉ်တွင် ဗီယက်နမ် အသင်းနှင့် ထိုင်းအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။  (Xinhua)