Connect with us

Sport

ကာယပညာမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပ

ကာယပညာမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲ ဒုတိယ နေ့ ကျင်းပနေစဉ်။

နေပြည်တော်၊ မေ ၂၈ ရက်(ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “မနက်ဖြန် တိုင်း ကျန်းမာ ဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာ မြှင့်တင်ကြပါစို့” နှီးနှော ဖလှယ်ပွဲ (Physical Education Today for An Active Tomorrow Seminar) ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) ၌ ဒုတိယနေ့(နောက်ဆုံးနေ့)အဖြစ် ဆက်လက် ကျင်းပခဲ့ရာ စာတမ်း ဆယ်ခုကို တင်ပြ ဖတ်ကြားခဲ့ကြသည်။

Sports Science Respective in Thailand စာတမ်းအား Prof. Emeritus Dr. Arth Nana ကလည်း ကောင်း The purpose of Goals of Physical Education in Singapore စာတမ်းအား Mr. Chan Wenh Kit ကလည်း နှီးနှော ဖလှယ်ပွဲ၏ နံနက်ပိုင်းတွင် ဖတ်ရှုခဲ့ကြပြီး ကျန် စာတမ်း ရှစ်ခုတို့ကို နေ့လယ်နှင့် ညနေပိုင်းတွင် ဆက်လက် ဖတ်ရှုကြမည် ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်း သဘာပတိအဖြစ် ဆောင်ရွက်သူ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက “အနာဂတ် မှာ ခေါင်းဆောင်တွေဖြစ်လာမယ့် ကျောင်းသား လူငယ်တွေဟာ ကျန်းမာ ဖွံ့ဖြိုးတဲ့ သန်မာဖျတ်လတ် တဲ့ လူငယ်တွေ ဖြစ်လာပြီး နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဒီနှီးနှော ဖလှယ် ပွဲကို ကျင်းပတာဖြစ်ပါတယ်၊ ဒီပွဲဟာ ကာယပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နိုင်ငံတကာ က ပညာရှင်တွေ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တဲ့ ပထမဆုံး ပွဲလည်း ဖြစ်ပါတယ်၊ မြန်မာ နိုင်ငံတွင်း ယခင်က ဆောင်ရွက်ခဲ့တဲ့ ကာယပညာ ဆရာကြီးတွေလည်း ပါဝင်ပါတယ်၊ ဒီ ပြည်တွင်း ပြည်ပ ပညာရှင်တွေရဲ့ တင်ပြဆွေးနွေးချက်တွေအပေါ် မူတည်ပြီး စာသင်ကျောင်းတွေမှာ အခုထက် ပိုကောင်းအောင် ဘယလို ဆောင်ရွက်မလဲဆိုတဲ့ အကြံဉာဏ်တွေ စိတ်ကူးကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်” ဟု မီဒီယာကို ရှင်းပြခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း အဖွင့် အမှာစကား ပြောကြားစဉ်။

Prof. Emeritus Dr. Arth Nana စာတမ်း ဖတ်ကြားစဉ်။

Mr. Chan Weng Kit စာတမ်း ဖတ်ကြားစဉ်။

ရန်ကုန် ပညာရေး တက္ကသိုလ် ပါမောက္ခ ဌာနမှူး (ငြိမ်း) ဆရာ ဦးရဲမြင့် ဖြေကြားနေစဉ်။

Fitness အကဖြင့် ဖြေဖျော်နေစဉ်။

ယခု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ‘မြန်မာနိုင်ငံ ကာယ ပညာရေး’ စာတမ်းရှင် ရန်ကုန် ပညာရေး တက္ကသိုလ် ပါမောက္ခ ဌာနမှူး (ငြိမ်း) ဆရာဦးရဲမြင့်က “ဒီပွဲက ဒါ ပထမဆုံး အကြိမ် လုပ်တာ ဆိုပေ မယ့် နောက်မကျသေးပါဘူး၊ အနာဂတ် မြန်မာနိုင်ငံအတွက် တကယ့် အကျိုး သက်ရောက်မှုကို ဖွင့်ပေး တဲ့ တံခါးပေါက်လည်း ဖြစ်ပါတယ်၊ ကလေး သူငယ်တွေဟာ အနာဂတ်ရဲ့ ဖန်တီးရှင်တွေပါ၊ သူတို့ ကြံ့ခိုင်၊ ကျန်းမာမယ်၊ ပိုပြီး smart ကျကျ ရှိမယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်က လည်း ကြံ့ခိုင် ကျန်းမာပြီး သေသေသပ်သပ် smart ကျမယ်၊ ကျန်းမာ ကြံ့ခိုင်တာနဲ့အမျှ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး တွေကအစ ကိုယ့် စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်လာပြီး လူမှုရေးတွေမှာ ပိုပြီး အဆင်ပြေလာမယ်၊ ကျောင်းမှ ရခဲ့တဲ့ အလေ့အကျင့်ကောင်းတွေက သူတို့ ကြီးပြင်းသွားတဲ့အထိ ပါသွားမှာဖြစ်လို့ ဒီ ကာယပညာဟာ အနာဂတ်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်တယ်။ ဒါကြောင့် ဒီနှီးနှော ဖလှယ်ပွဲဟာ လူငယ်တွေရဲ့ အနာဂတ် နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အလွန် အရေးပါတဲ့ ကျေနပ် စရာ ကောင်းတဲ့ ပွဲ ဖြစ်ပါတယ်”ဟု မီဒီယာကို ဖြေကြားခဲ့သည်။

ယခုနှီးနှောဖလှယ်ပွဲသို့ ဦးရဲမြင့်ကဲ့သို့ အတွေ့အကြုံများပြားသည့် ပြည်တွင်း ဆရာကြီးများနှင့် နိုင်ငံတကာမှ ကာယပညာ သင်ကြားလေ့ကျင့်မှု (Physical Education) နှင့်ပတ်သက်သော ကျွမ်းကျင်မှုဆိုင်ရာ ဘွဲ့ အသီးသီးရရှိထားပြီး အတွေ့အကြုံလည်း များပြားသည့်ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် သြစတြေးလျနိုင်ငံများမှ ကာယပညာ ဆိုင်ရာ ပညာရှင်များ တက်ရောက်ပြီး စာတမ်းများ တင်ပြ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.