Connect with us

Sport

မြန်မာ့အားကစား ဖွံ့ဖြိုးရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

နဝမအကြိမ် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ အားကစား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယနေ့ ညနေပိုင်း ပြုလုပ်သည့် နဝမ အကြိမ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြောခဲ့သည်။

“ နိုင်ငံတော်ရဲ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အခြားသော ကဏ္ဍများနည်းတူ ဦးစားပေး ဆောင်ရွက်နေပါတယ်၊ မြန်မာ့ အားကစား မျိုးစုံကို တိုးတက်ဖွံ့ဖြိုးလာစေဖို့ နိုင်ငံ တစ်ဝှမ်းလုံးမှာ အင်တိုက်အားတိုက် ဆောင်ရွက်သွားပါ့မယ်၊ ဒီအတွက် အားကစားအဖွဲ့ချုပ် ၄၈ ခုစလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်၊ တစ်နိုင်ငံလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် National Sports အလုပ်ရုံ ဆွေးနွေးပွဲကို လာမယ့် နှစ်လ သုံးလ အတွင်းမှာ ပြုလုပ်ပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်စဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်အသင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

အားကစား သမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင် ကစားကြရန်နှင့် ကျန်းမာ ကြံ့ခိုင်ပြီး အရည်အသွေး ထက်မြက် မြင့်မားသော ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်း ၎င်းက တိုက်တွန်း ပြောကြား ခဲ့သည်။

ယနေ့ စတင် ကျင်းပသည့် ၂၀၁၇ ခုနှစ် နဝမအကြိမ် နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးအသင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အသင်းနှင့် ဝန်ကြီးဌာန အသင်း ၁၄ သင်း – စုစုပေါင်း ၁၆ သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပထမအဆင့် အုပ်စု ပတ်လည် ပြိုင်ပွဲ ပထမနေ့ ပွဲစဉ် အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အသင်းတို့က စတင် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ အုပ်စု ပတ်လည် ပွဲစဉ်များကို ဇူလိုင်လ ၁၈ ရက်မှ သြဂုတ်လ ၂ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.