Connect with us

Sport

မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပူးတွဲသရေ ရလဒ် အများစု ထွက်ပေါ်


ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

နိုင်ငံ ၈ နိုင်ငံ ပါဝင်သော မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ အား ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံ (၁)၌ ယနေ့သြဂုတ် ၂ဝ ရက်တွင် ကျင်းပရာ ဝိတ်တန်း အလိုက် တွဲဆိုင်း ၈ ဆိုင်း ယှဉ်ပြိုင်ရာတွင် ပူးတွဲ သရေ ရလဒ် အဖြစ် ပွဲစဉ် ၅ ပွဲ ထွက်ပေါ်ခဲ့သည်။

ထိုတွဲဆိုင်းများ အနက် အမျိုးသမီး အထူး စိန်ခေါ်ပွဲ အဖြစ် ဘရောနီကာ(မြန်မာ) နှင့် မော်နီကာဘာနီး(စ်)မီနာ(ကော်စတာရီကာ) တို့ယှဉ်ပြိုင်ရာတွင် စတုတ္ထ အချီထိထိုးသတ်ပြီး ပူးတွဲ သရေ ရလဒ် ထွက်ပေါ်ခဲ့သည်။ထို့အတူ ပူးတွဲ သရေ ရလဒ် အဖြစ် ၅၄ ကီလိုတန်းတွင် ဒေါင်းဖြူလေး(Adventure) နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း) ၊ ၆၅ ကီလိုတန်းတွင် သားအသည်းတစ်ပွင့် (မြန်မာ)နှင့် ဗစ်တာဟူဂိုနူး(စ်) (ဘရာဇီး) ၊ ၇၁ ကီလိုတန်းတွင် စောဂေါ်မူဒို(မြန်မာ)နှင့် နျူကလီးယား ဟာဒီ(အီရန်) ၊ ၈ဝ ကီလိုတန်းတွင် ဒေ့(ဗ်)လက်ဒပ်(မြန်မာ)နှင့် ဆိုင်းရပ်(စ်) (အမေရိကန်)တို့ တွဲဆိုင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝိတ်တန်း အလိုက် တွဲဆိုင်းများ အနက် ၅၇ ကီလိုတန်းတွင် ရဲသွေးနီ (မြန်မာ)နှင့် ဂွန်ထယ်(ထိုင်း) တွဲဆိုင်းတွင် တတိယ အချီ ၂ မိနစ် ၆ စက္ကန် အချိန်တွင် ရဲသွေးနီက ပြိုင်ဘက်အား အလဲထိုး အနိုင်ရရှိခဲ့သည်။၆၀ ကီလိုတန်းတွင် ထွန်းလွင်မိုး (မြန်မာ) နှင့် အယ်လက်ဇီဆာရီပီစို့(စ်) (နယူးဇီလန်) တို့ တွဲဆိုင်းတွင် ဒုတိယ အချီ ပြီးဆုံးခါနီး အချိန်တွင် ထွန်းလွင်မိုးက ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။၆၈ ကီလိုတန်းတွင် ဖျံသွေး (မြန်မာ)နှင့် ဆီဘတ်(စ်) တီယန်ဘီးလာ့ (ဒ်)(ပြင်သစ်) တွဲဆိုင်းတွင် ဖျံသွေးက ဒုတိယ အချီတွင် ပြိုင်ဘက်အား အလဲထိုး အနိုင်ရရှိခဲ့သည်။ထို့အတူ ပြိုင်ပွဲတွင် ရွှေဒူးပျံဆုအား ဒေါင်းဖြူလေး (Adventure) က လည်းကောင်း ၊ ရွှေတံတောင်ဆုအား ဗစ်တာဟူဂိုနူး(စ်) (ဘရာဇီး) က လည်းကောင်း ရရှိခဲ့သည်။(Xinhua)