Connect with us

Sport

ဟန်ကျိုး အာရှအားကစားပွဲ၏ ကောင်းမွန်သည့် စီမံခန့်ခွဲမှုများကို မြန်မာပိုက်ကျော်ခြင်းနည်းပြချုပ် ချီးကျူးပြောကြား (အင်တာဗျူးဆောင်းပါး)

၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ်တွင် ရွှေတံဆိပ်ဆုရရှိသည့် မြန်မာအသင်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက် ဆုပေးပွဲအခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားပွဲအတွင်း အသေးစိတ်ကအစ စနစ်တကျရှိသည့် ကောင်းမွန်သည့်စီမံခန့်ခွဲမှုများရှိကြောင်း ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးအောင်ချိုမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက်၌ ဆင်ဟွာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဦးအောင်ချိုမြင့်က “အင်အားကြီးနိုင်ငံဆိုတော့ အသေးစိတ်ကအစ လုပ်တာကိုင်တာစနစ်တကျရှိပါတယ်။ အစားအသောက်တွေကလည်း ကောင်းပါတယ်။ ဟိုတယ်တွေဘာတွေကိုလည်း အဆင့်မီမီထားပေးပါတယ်။ အကြိုအပို့ကအစ၊ အသေးစိတ်ကအစ အစစ အရာရာ လုပ်ပေးပါတယ်။ အဆင်လည်းပြေပါတယ်” ဟု ချီးကျူးစကား ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးက ပိုက်ကျော်ခြင်းအားကစားသမားများအတွက် အမြင့်ဆုံးပြိုင်ပွဲအဖြစ် အသိအမှတ်ပြုခံရထားသည့် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခြင်းအပေါ် နည်းပြချုပ်က ရယ်မောပျော်ရွှင်စွာဖြင့် ပြန်လည်ပြောပြခဲ့သည်။

“အမှတ်အရဆုံးကတော့ ကျွန်တော်တို့ ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိတဲ့အချိန်ကတော့ ဘဝမှာ မမေ့နိုင်တဲ့အမှတ်တရပါပဲ။ အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်တို့ရော အုပ်ချုပ်သူနည်းပြတွေရော၊ ကစားသမားတွေရော၊ တာဝန်ရှိတဲ့လူကြီးတွေရော၊ တစ်နိုင်ငံလုံးကို အားပေးတဲ့ ပရိသတ်တွေကပိုပျော်တယ်ဆိုတော့ ကျွန်တော်တို့ ပိုပျော်တာပေါ့” ဟု၎င်းကရယ်မော၍ ပြောကြားခဲ့သည်။

အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းအသစ်များလည်း ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။ ဟန်ကျိုးမြို့လေးသည် သာသာယာယာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းကြောင်းကိုလည်း ၎င်းကအမှတ်ရစွာ ပြောကြားခဲ့သည်။ ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များပိုက်၍ အောက်တိုဘာ ၇ ရက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အစိုးရတာဝန်ရှိသူများနှင့် ပရိသတ်များက ကြိုဆိုခဲ့ကြသည်။မြန်မာနိုင်ငံသည် ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ရိုးရာလှေအားကစားနည်းဖြင့် ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့သည်။ (Xinhua)