Connect with us

Sport

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ တွင် ရှမ်းယူနိုက်တက် အသင်းက ၁၁ ပွဲဆက်အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့

ရှမ်းယူနိုက်တက်အသင်းအား ချန်ပီယံဆုနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- ရှမ်းယူနိုက်တက်အသင်း)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁ ရက်ညနေပိုင်းတွင် ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက  ၁၁  ပွဲဆက်အနိုင်ရပြီး  ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

 Myanmar National League (MNL) မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က “ရှမ်းယူနိုက်တက် အသင်းက လိုအပ်နေတဲ့ အနိုင်သုံးမှတ်ရယူပြီး ချန်ပီယံဆုကာကွယ်နိုင်ခဲ့တာပါ။ ရှမ်းယူနိုက်တက် အသင်းအနေနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက်  သုံးကြိမ်မြောက်ချန်ပီယံဆု ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်တယ်။ အခုပွဲမှာလည်း  ရတနာပုံအသင်းကို အသာစီးမှကစားကာ နှစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆင်ဟွာသို့  အောက်တိုဘာ ၂ရက်တွင်ပြောသည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ်  ၄၄  မှတ်ဖြင့်  ချန်ပီယံဖြစ်ခဲ့ကာ ဟံသာဝတီယူနိုက်တက်အသင်းက ၄၁ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် တတိယဆုရရှိခဲ့သည်။ ယင်းအသင်းများ၏နောက်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၃၇ မှတ်၊ ရတနာပုံယူနိုက်တက်အသင်းက ရမှတ် ၂၀၊ ရခိုင်ယူနိုက်တက်အသင်းက ၁၈ မှတ်၊ စစ်ကိုင်းယူနိုက်တက် အသင်းက ၁၇ မှတ်၊ မကွေးယူနိုက်တက်အသင်းက ၁၆ မှတ်၊ အားကစားနှင့် ကာယပညာသိပ္ပံအသင်းက  ၁၁  မှတ်နှင့် Southern အသင်းက ၁၀ မှတ်ရရှိခဲ့ကြောင်း သိရသည်။

MNL ပြိုင်ပွဲကို ၁၂ ရာသီ ကျင်းပပြီးစီးခဲ့ပြီး ယခုနှစ်တွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း ၁၂ ကြိမ်တွင် ရန်ကုန်ယူနိုက်တက်သင်းက   ငါးကြိမ်ဖြင့်  အကြိမ်အများဆုံး ဗိုလ်စွဲထားကာ ရတနာပုံယူနိုက်တက်အသင်းက လေးကြိမ်၊ ရှမ်းယူနိုက်တက် အသင်းက သုံးကြိမ်ဗိုလ်စွဲထားကြောင်း Myanmar National League ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.