Connect with us

Culture

မြန်မာ-တရုတ် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသများတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီက မြန်မာ နောက်ခံ စကားပြော တရုတ်ရုပ်ရှင် ဇာတ်ကားများ ပြသသွားမည်

Open Air ရုပ်ရှင် ပွဲတော်အား တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသခံ ပြည်သူ/သားများ တရုတ်ရုပ်ရှင် ယဉ်ကျေးမှုကို ပိုမို၍ သိရှိလာနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ CNPC ကုမ္ပဏီက မြန်မာ နောက်ခံ စကားပြော တရုတ်ရုပ်ရှင် ဇာတ်ကားများ ပြသသွားမည့် Open Air ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ယနေ့စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယခုအကြိမ်မှာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် နှင့် ပေါင်းစပ်ပြီး CNPC အရှေ့ တောင် အာရှ ပိုက်လိုင်း ကုမ္ဗဏီသည် ပရိသတ် ကြိုက်နှစ်သက်မှု နှင့် လက်မှတ် ရောင်းအားကောင်းခဲ့သည့် ရုပ်ရှင် ၃ ကားကို ရွှေးချယ်၍ တရုတ်-မြန်မာ ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ကျေးလက် ဒေသများတွင် နယ်လှည့် ပြသသွားမည် ဖြစ်ကြောင်း ၊ ယင်းအား မိမိတို့ကြိုဆိုပြီး ထောက်ခံ အားပေးပါကြောင်း ၊ ယင်းရုပ်ရှင်ဇာတ်ကားများကို စီမံကိန်း တစ်လျှောက် ဒေသခံ ပြည်သူများ နှစ်သက်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခမ်းအနားတွင် အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အခမ်းအနားတွင် အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကောင်းမွန်သည့် တရုတ် ရုပ်ရှင် ဇာတ်ကားများကို မြန်မာနိုင်ငံ၌ ပိုမို ပြသရင်း တရုတ်-မြန်မာ ရုပ်မြင်သံကြား အပြန်အလှန် ကူးလူး ဖလှယ်မှုကို မြှင့်တင်ပေးကာ ကောင်းမွန်သည့် မြန်မာနိုင်ငံမှ ရုပ်မြင်သံကြားလက်ရာများကိုလည်း တရုတ်နိုင်ငံသို့မိတ်ဆက် ပေးနိုင်ရန် မျှော်လင့်ကြောင်း ၊ တဟုန်ထိုး တိုးတက်နေသည့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးသည် တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အနှစ်သာရသစ်များ ဖြည့်တင်းပေးပြီး နှစ်နိုင်ငံ ပြည်သူချင်း စိတ်ချင်း ဆက်နွယ်မှုကို မြှင့်တင်ပေးကာ နှစ်ဦးနှစ်ဖက် Belt and Road နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအတူတကွ တည်ဆောက်ရေး အတွက် ပိုမို ခိုင်မာသည့် ပြည်သူ့အခြေခံ ချမှတ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက CNPC ကုမ္ဗဏီက ယခုကဲ့သို့လူမှု အကျိုးပြု လုပ်ငန်း တစ်ခု ၊ ယဉ်ကျေးမှု ကူးလူး ဆက်ဆံသည့် လုပ်ငန်း တစ်ခု အနေဖြင့် ဆောင်ရွက်သည့် အတွက် ဝမ်းသာပါကြောင်း ၊ ယခုလို ရုပ်ရှင်ဇာတ်ကားများကို ကျေးလက်နေ ပြည်သူများအား ပြသပေးခြင်း အားဖြင့် ၎င်းတို့၏ ဘ၀ အမောများ အတွက် အပန်းဖြေနိုင်မည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုကိုလည်း ဖလှယ်ပြီး သိရှိသွားနိုင်မည့် အခြေအနေ ဖြစ်ကြောင်း ၊ ယင်းအခြေအနေများကို ယခုလို ဆောင်ရွက်ပေးသည့် အတွက် ပြည်သူလူထု အတွက် များစွာ အကျိုးရှိကြောင်း ပြောကြားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံသည် အိမ်နီးချင်း နိုင်ငံ ဖြစ်သည် နှင့် အညီ ရုပ်ရှင် ကဏ္ဍတွင်သာမက အခြား စီးပွားရေး ကဏ္ဍများ ၊ ပြည်သူ အချင်းချင်း ဆက်ဆံမှုများ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ကို သိရှိကြပြီး ဖြစ်ကြကြောင်း ၊ ယင်းကို ကြည့်ခြင်းအားဖြင့် ရုပ်ရှင် ပွဲတော် ကျင်းပခြင်း နှင့် အတူ နှစ်နိုင်ငံ အကြား ရုပ်ရှင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ၊ စီးပွားရေး ဆက်သွယ် ဆောင်ရွက်မှုကို ပိုမို တိုးတက်စေရန် နှင့် တရုတ် နိုင်ငံ နှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မြဲအောင် ဖော်ဆောင်သည့် သဘော ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ CNPC ကုမ္ပဏီ ဒုတိယ ဥက္ကဌ မစ္စတာ Xu Wenrong က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ CNPC ကုမ္ပဏီ ဒုတိယ ဥက္ကဌ မစ္စတာ Xu Wenrong က ယခု အစီအစဉ်သည် တရုတ် ရုပ်ရှင်များကို ပြသခြင်း အားဖြင့် မြန်မာ – တရုတ် နှစ်နိုင်ငံ ပြည်သူများ အကြား ယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်နိုင်ရန် နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး ပိုမို ဖွံ့ဖြိုး တိုးတက်ရန် အဓိက ရည်ရွယ်ထားကြောင်း ၊ ယခု အစီအစဉ်အား ဆောင်ရွက်ခြင်း အားဖြင့် မြန်မာ ပြည်သူများက တရုတ် ယဉ်ကျေးမှုများကို ပိုမို သိရှိ နားလည်လာပြီး မြန်မာ ပြည်သူများနှင့် တရုတ် ပြည်သူများ အချင်းချင်း ယဉ်ကျေးမှု ဖလှယ်ရေး တိုးတက်နိုင်ရန် မျှော်လင့်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ နောက်ခံ စကားပြောဖြင့် မှော်ပဉ္စလက် ၊ မင်္ဂလာပါ ဘီလျံနာ နှင့် လေပွေ အမျိုးသမီး ဘောလုံး အသင်း အမည်ရှိသော တရုတ်ရုပ်ရှင်ဇာတ်လမ်း ၃ ခုအား အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၀ ရက် အထိ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ကျောက်ဖြူ ၊ ရေနံချောင်း ၊ တောင်သာ ၊ မန္တလေး စသည့်မြို့များအပါအဝင် နေရာ ငါးခုတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

Open Air ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

Open Air ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရုပ်ရှင် ပွဲတော်တွင် ဖွင့်ပွဲ အခမ်းအနား ၊ ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသများတွင် ထုတ်လွှင့်ပြသခြင်း နှင့် ရုပ်ရှင် ပွဲတော် ဆိုင်ရာ အကြောင်းအရာများကို ပြန်လည် ကြည့်ရှုခြင်း ဟူ၍ အပိုင်း သုံးပိုင်းဖြင့် စက်တင်ဘာလ နှင့် အောက်တိုဘာလ တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း လည်ပတ်စေရေး ကိုင်တွယ် ဆောင်ရွက်သည့် SEAGP/SEAOP ကုမ္ပဏီ တို့၏ တရုတ် နိုင်ငံ အစုရှယ်ယာရှင် ဖြစ်သည့် CNPC ကုမ္မဏီသည် MONNECT ကုမ္ပဏီ နှင့် ပူးပေါင်း၍ တရုတ် ရုပ်ရှင် ဇာတ်ကား ၃ ခုကို ရွေးချယ်ကာ ကျွမ်းကျင်သူများ နှင့် ဘာသာ ပြန်ဆိုခဲ့ကြောင်း သိရသည်။

Open Air ရုပ်ရှင် ပွဲတော်တွင် ပြသသွားမည့် တရုတ်ရုပ်ရှင် ဇာတ်ကားများတွင် မင်္ဂလာပါ ဘီလျံနာ ရုပ်ရှင် ဇာတ်ကားသည် ဟာသ ဇာတ်ကား တစ်ခု ဖြစ်ပြီး ဂိုးသမား တစ်ဦး ဖြစ်သူ ဝမ်တောယွီသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ကာ အလုပ်ဖြုတ်ခံရပြီးနောက် ရုတ်တရက် ရရှိလာခဲ့သော တရုတ်ငွေ ယွမ်ပေါင်း တစ်ဘီလီယံအား တစ်လ အတွင်း ကုန်အောင် မည်သို့သုံးမည်နည်း ။ မည်သည့် လျှို့ဝှက်ချက်များ ရှိသနည်း ဆိုသည့် အပေါ် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

မှော်ပဉ္စလက် ရုပ်ရှင် ဇာတ်ကားသည် စိတ်ကူးယဉ်ဆန်သည့် ဇာတ်ကား တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်သို့ရောက်ရှိလာသော မကောင်းဆိုးဝါး ဂြိုလ်သားများကို မှော်ပဉ္စလက် အစွမ်းပညာများ ကျွမ်းကျင် တတ်မြှောက်ကြသည့် ဝူ့ရင် အဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည် ၎င်း၏ တပည့်များကို စုရုံးကာ ဂြိုလ်သားများနှင့် ခုခံ တိုက်ခိုက်သည့် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ကြောင်း သိရသည်။

လေပွေ အမျိုးသမီး ဘောလုံး အသင်း ရုပ်ရှင် ဇာတ်ကားသည် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားသည့် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပြီး ဘောလုံးကို မတွေ့ဖူးသည့် တရုတ် နိုင်ငံ ၊ ဟိုင်နန် ပြည်နယ် လူနည်းစု တိုင်းရင်းသား အမျိုးသမီး အဖွဲ့သည် ဘောလုံး နည်းပြ ဆရာ၏ သင်ကြားမှုအောက်တွင် အခက်အခဲများကို ကျော်လွှားပြီး အပြုံး နှင့် မျက်ရည်ကြားထဲမှ ဘောလုံး အိပ်မက်ကို လိုက်စားသည့် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ကြောင်း သိရသည်။(Xinhua)