Connect with us

Economy

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ကြိုဆို တွေ့ဆုံအားပေး

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Package Tour အစီအစဉ်ဖြင့် လာရောက်သော တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ဝန်ကြီးဌာန၌ ကြိုဆို တွေ့ဆုံအားပေးခဲ့ကြောင်း နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၂ ရက် ညဘက်တွင် ထုတ်လွှင့်သည့် သတင်းအရ သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများမှာ ဆိုက်ရောက်ဗီဇာ Tourist Visa On Arrival အား ခွင့်ပြုပေးခဲ့ပြီးနောက် နှစ်နိုင်ငံ ခရီးသွားကုမ္ပဏီများ၏စီစဉ်ဆောင်ရွက်မှုဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ခရီးသွားများကို ယနေ့ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမတွင် ပြည်ထောင်စုဝန်ကြီးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက “တရုတ်နိုင်ငံက အစိုးရအနေနဲ့ တရုတ်ခရီးသွားတွေကို ပြည်ပကို အဖွဲ့လိုက် ခရီးသွားခွင့်ပြုတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံပါရှိတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ တရုတ်နိုင်ငံ က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြည်ပထွက်ခွါ ခရီးသွားဈေးကွက်မှာ ထိပ်ဆုံးက ရပ်တည်နေတာကို တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုလာရောက်သည့် တရုတ်ခရီးသွားအဖွဲ့တွင် မီဒီယာသမားများလည်း ပါရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ယခု ခရီးစဉ်ပြီးဆုံးသွားပါက မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ကောင်းမွန်သော အတွေ့အကြုံများကို မျှဝေပေးသွားမည်ဖြစ်ပြီး ခရီးသွားများ ပိုမိုလာရောက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးခိုင်မြဲသည့်အတွက် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း တရုတ်ခရီးသွားအဖွဲ့မှ ခေါင်းဆောင်က ပြောကြားခဲ့သည်။

တရုတ် ခရီးသွားအဖွဲ့သည် စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံ မန်စီမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီး မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများကို လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.