Connect with us

Politics

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong နှင့် မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong သည် ဇန်နဝါရီ ၄ ရက်မှ ၆ ရက်အထိ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီး Mr. Sun Weidong သည် မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခဲ့ရာ တရုတ်-မြန်မာဆက်ဆံရေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ စသည့် အတူတကွ ဂရုပြုကြသည့် အကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်က နှစ်နိုင်ငံခေါင်းဆောင်သဘောတူညီချက်များကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်၍ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို စဉ်ဆက်မပြတ်အရည်အသွေးမြင့် အတူတကွ တည်ဆောက်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြောင်း ၊ နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်၍ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား ပူးပေါင်းတိုက်ဖျက်ကာ ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းမှုနှင့် စည်ပင်ဝပြောဖွံ့ဖြိုးတိုးတက်မှုကို အတူလက်တွဲ မြှင့်တင်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအလေးထားပြောကြားခဲ့ကြကြောင်း သံရုံးထုတ်ပြန်မှုအရ သိရသည်။
သက်ဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် ၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့လည်းတက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။ (Xinhua)