Connect with us

Economy

တရုတ်နိုင်ငံ၊ ဆန်းကျန့် မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲတွင် မြန်မာ့လက်ဖက်ခြောက် အထူးရွှေတံဆိပ်ဆုရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဆန်းကျန့် မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲများ၏ အကြီးဆုံးပြပွဲများထဲမှ တစ်ခုဖြစ်သော Global Tea Fair ဆန်းကျန့် (Autumn) 2023 ပြပွဲကို တရုတ်နိုင်ငံ ဆန်းကျန့် မြို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ TGT Tea Co.,Ltd မှထုတ်လုပ်သည့် လက်ဖက်ခြောက်က အထူးရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း TGT Tea Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်လွင်က ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၁ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံ၊ Shenzhen မြို့၌ ကျင်းပပြုလုပ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပြပွဲတွင် TGT Tea Co.,Ltd ကုမ္ပဏီမှ ဆုရယူနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- TGT Tea Co.,Ltd)

တရုတ်နိုင်ငံ၊ Shenzhen မြို့၌ ကျင်းပပြုလုပ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပြပွဲတွင် TGT Tea Co.,Ltd ကုမ္ပဏီမှ ဆုရယူနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- TGT Tea Co.,Ltd)

တရုတ်နိုင်ငံ၊ Shenzhen မြို့၌ ကျင်းပပြုလုပ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပြပွဲတွင် TGT Tea Co.,Ltd ကုမ္ပဏီမှ ဆုရယူနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- TGT Tea Co.,Ltd)

ဦးမောင်လွင်က “ကျွန်တော် ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်မြောက် ဆုရပြီလေ။ ၂၀၁၉ ခုနှစ်မှာတစ်ဆု၊ ၂၀၂၀ ပြည့်နှစ်မှာ ၂ ဆုရတယ်။ အခု ၂၀၂၃ မှာ တစ်ဆု ရတယ်။ အခုရတာက ၃ ကြိမ်မြောက်ပေါ့။ အရင် ၂ ကြိမ်ရခဲ့တဲ့ဆုတွေက ရွှေတံဆိပ်ဆု၊ ၂၀၂၃ ခုနှစ်မှာ ရတဲ့ဆုကတော့ ပိုမြင့်တယ်။ အထူးရွှေတံဆိပ်ဆုရတာပေါ့။ အခုနောက်ဆုံးရတဲ့ ဆုကတော့ Level ပိုမြင့်သွားတာပေါ့” ဟုပြောသည်။

အဆိုပါ Global Tea Fair ဆန်းကျန့် (Autumn) 2023 ပွဲကြီးကို တရုတ်နိုင်ငံ၊ ဆန်းကျန့်မြို့၌ ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြခန်းပေါင်း ၄,၇၀၀ ကျော် ပါဝင်ပြသခဲ့ပါတယ်။ ကျွန်တော်က ပြခန်း ၂ ခန်း ပြသခဲ့ပါတယ်။ အဓိကကတော့ ကိုယ်ထုတ်လုပ်တဲ့ product ကို ဆန်းစစ်တာပေါ့။ ဒီပွဲက လက်ဖက်ပွဲကြီးတစ်ပွဲဖြစ်တယ်။ တရုတ်နိုင်ငံက တကယ့်ကုမ္ပဏီ အကြီးကြီးတွေလည်းလာတယ်။ အထူးရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ကျွန်တော်ရဲ့ ထုတ်ကုန်နာမည်ကတော့ Jade Leaf ပေါ့။ ကျွန်တော့်လက်ဖက်က နှစ် ၃၀၀ ကနေ ၅၀၀ သက်တမ်းရင့်တဲ့ လက်ဖက်ပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်” ဟု ဦးမောင်လွင်က ပြောသည်။

ထိုကဲ့သို့ ရွှေတံဆိပ်ဆု ရရှိခဲ့သည့်အတွက် ကုမ္ပဏီနှင့် ထုတ်ကုန်အပေါ် ယုံကြည်မှုများ ပိုမိုတိုးပွားလာခဲ့ကြောင်း ဦးမောင်လွင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံလက်ဖက်အသင်းမှ Bio-trade Project ၏ အကူအညီဖြင့် မြန်မာကိုယ်စားပြုပြခန်း ၇ ခန်းဖြင့် မြန်မာ့လက်ဖက် ယဉ်ကျေးမှုကို ဖော်ထုတ်ရန် ရည်ရွယ်ပြီး လက်ဖက် ပုံစံမျိုးစုံကို ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

“ဒီလိုပွဲကြီးမှာ ဆုရတာက ရိုးရိုးရတာမဟုတ်ဘူး။ အများကြီး ယှဉ်ပြိုင်ပြီးတော့မှ ရတာ။ ဒီပွဲမှာ ဆုရရှိထားတဲ့အတွက် ဝယ်ယူသူတွေက ယုံကြည်မှုတွေ ပိုရတယ်။ ကျွန်တော်ရဲ့ လက်ဖက်က တရုတ်နိုင်ငံကို အဓိက တင်ပို့ပါတယ်။ မြန်မာနိုင်ငံက လက်ဖက်က ကုန်ကြမ်းကောင်းတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ဖက်က မူရင်းကောင်းပြီးသားဖြစ်လို့ တရုတ်နိုင်ငံရဲ့ လက်ဖက်ဈေးကွက်ကို တိုးချဲ့တင်ပို့နိုင်တဲ့ အခြေအနေရှိပါတယ်။ ကျွန်တော့်လို လက်ဖက်လုပ်ငန်းရှင်တစ်ဦး အနေနဲ့ အခုဒီပွဲကို ဆက်တိုက် သွားပြဖြစ်မှာပါ” ဟု ဦးမောင်လွင်က ဖြည့်စွက်ပြောကြားသည်။

တရုတ်နိုင်ငံမှ လက်ဖက်ထုတ်လုပ်သည့် နည်းပညာများကိုလေ့လာ၍ Jade Leaf လက်ဖက်ခြောက်ကို ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ လက်ဖက်မျိုးမှာ ကိုးကန့်အဖြူရွက်ကြီးမျိုးဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပွဲကို သွားတဲ့အခါ တရုတ်နိုင်ငံက လက်ဖက်ထုတ်လုပ်ပုံ၊ ထုပ်ပိုးပုံတွေ၊ လက်ဖက်ခြံတွေကိုလည်း လေ့လာခွင့်တွေ ရရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်လက်ဖက်ကို ထုတ်လုပ်တဲ့အခါ အများကြီး အကျိုးရှိပါတယ်” ဟု ဦးမောင်လွင်က ပြောသည်။ (Xinhua)