Connect with us

Politics

တရုတ်နိုင်ငံ မှ ကမကထ ပြုသည့် ခေတ်သစ် ပိုးလမ်းမကြီး သည် ဒေသတွင်း နိုင်ငံများ ကိုပါ အကျိုး ဖြစ်ထွန်းကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် ဆို

နိုင်ငံတော်သမ္မတ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်အား ဆင်ဟွာသတင်းဌာနမှ သီးသန့် အင်တာဗျူး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မှ ကမကထ ပြုသည့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း သည် တရုတ်နိုင်ငံ သာမက မြန်မာနိုင်ငံ နှင့် ဒေသတွင်း နိုင်ငံများကိုပါ အကျိုးဖြစ်ထွန်းစေမည့် လွန်စွာအရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဆင်ဟွာကို ယနေ့ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေး အရ ဒုတိယအင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး ယခုနှစ်တွင် စတော့ ဈေးကွက်များ ကျဆင်းသော်လည်း တရုတ်နိုင်ငံ အနေဖြင့် အဆိုပါကိစ္စရပ်ကို ကျော်လွှားနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံ က မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကလည်း ထိပ်ဆုံးတွင် ရှိကြောင်း ဦးကိုကိုလှိုင်ကပြောသည်။

ဦးကိုကိုလှိုင်က “မဟာဗျူဟာ လုံခြုံရေးအရပဲ တွက်တွက်၊ စီးပွားရေးအရပဲ တွက်တွက် ၊လူမှုရေး အရပဲ တွက်တွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံ အတွက် အရေးအကြီးဆုံး အိမ်နီးချင်းဖြစ်တယ်။ ဒါကြောင့် နိုင်ငံခြားရေး မူဝါဒမှာလည်း ထိပ်တန်းကနေပြီး ဦးစားပေးစဉ်းစားရမယ့် နိုင်ငံကြီးဖြစ်တယ်။

ဘယ်အစိုးရပဲ တက်တက် တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှုက မြန်မာနိုင်ငံအတွက် လိုအပ်ချက်ပဲ ဖြစ်တယ်။ ဟိုတုန်းက ချမှတ်ထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး မူကြီး ၅ ချက် နဲ့ အညီ ချစ်ကြည်ရင်းနှီးစွာ ဆက်ပြီး ဆက်ဆံလိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဆင်ဟွာ နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၏ ရပ်တည်ချက်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် မူကြီး ၅ ချက် နှင့် အညီ အိမ်နီးချင်းကောင်း အဖြစ် ရပ်တည်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရှိကြောင်း၊ မြန်မာ့ ငြိမ်းချမ်းရေး ကို မြန်မြန်ရစေချင် ၍ အထူးသံတမန် နှင့်ပင် လာရောက် ကူညီပေးနေသည့် အနေအထားမျိုး ရှိကြောင်း၊ လက်ရှိတွင် လက်မှတ်မထိုးဘဲ ရှိနေသည့် အဖွဲ့များသည် တရုတ်နိုင်ငံ နယ်စပ် ၌ ရှိနေသည့်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရေးသည် တရုတ်နိုင်ငံ အတွက် အရမ်းကို အရေးကြီးကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံ ၏ နယ်စပ်တွေ တည်ငြိမ်အေးချမ်းရေးသည် တရုတ်နိုင်ငံ ၏ အကျိုးစီးပွား ဖြစ်ပြီး၊ ခေတ်သစ် ပိုးလမ်းမကြီး အရရော ၊ ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး အရရော၊ ပြီးတော့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းဖြစ်တဲ့ BCIM စီမံကိန်း ဆောင်ရွက်ဖို့ရော မြန်မာနိုင်ငံက အင်မတန် မှ အရေးပါကြောင်း၊ မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးသည် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ဖြစ်သည့် အတွက် တရုတ်နိုင်ငံ မှ မြန်မာ့ ငြိမ်းချမ်းရေးကို လိုလားမှု ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)