Connect with us

Social

ရေဘေးသင့် ပြည်သူများအတွက် တရုတ်နိုင်ငံ သံရုံးက ငွေလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang )နှင့် သံရုံး ဝန်ထမ်းများက ရေဘေးသင့် ပြည်သူများအတွက် ငွေလှူဒါန်းစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး နှင့် အလှူရှင် အချို့က နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယနေ့ နံနက် လာရောက်ကာ မြန်မာငွေကျပ် သိန်းလေးရာ လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang) နှင့် သံရုံး ဝန်ထမ်းများက ကျပ်သိန်းနှစ်ရာ၊ H.E. Mr. Hong Liang ၏ စည်းရုံးမှုအရ State Power Investment Corporation (SPIC) နှင့် Huawei Myanmar တို့က ကျပ်သိန်း တစ်ရာစီ ၊ စုစုပေါင်း သိန်းလေးရာကို လာရောက် လှူဒါန်းကြခြင်း ဖြစ်သည်။

State Power Investment Corporation (SPIC) မှ ရေဘေးသင့် ပြည်သူများအတွက် ငွေလှူဒါန်းစဉ် (ဆင်ဟွာ)

Huawei Myanmar Company က ရေဘေးသင့် ပြည်သူများအတွက် ငွေလှူဒါန်းစဉ် (ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang ) မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အလှူရှင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

အလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူအပြီးတွင် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် “ယခု လှူဒါန်းငွေတွေကို ရေဘေးသင့် ပြည်သူများအတွက် ထိထိရောက်ရောက် ပေးပို့ထောက်ပံ့သွားမှာ ဖြစ်ပြီး စနစ်တကျ မှတ်တမ်းတင် ထားရှိမှာလည်း ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံ ဒေသအများစုမှာ ပြင်းထန်သော ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတယ်။ တရုတ် – မြန်မာသည် ဆွေမျိုး ပေါက်ဖော် ညီအစ်ကိုများ ဖြစ်ပြီး ဘေးအန္တရာယ်ကို နှစ်နိုင်ငံ အတူတကွ ရင်ဆိုင်တဲ့ အစဉ်အလာကောင်း တစ်ရပ် ရှိပါတယ်။ ညီအစ်ကို အန္တရာယ် ရှိပါက ကျွန်တော်တို့ လည်း ထပ်တူ ထပ်မျှ ခံစားရပြီး ယခင် အတိုင်းကဲ့သို့မြန်မာနိုင်ငံ ပြည်သူများကို အကူအညီ ပေးလိုပါတယ်” ဟု တရုတ်နိုင်ငံ သံအမတ်ကြီးက ယနေ့လှူဒါန်းပွဲသို့တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် အစိုးရ အရာရှိကြီးများကို ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ပြည်သူများသည် ရေဘေးသင့် နေသည့် မြန်မာနိုင်ငံသားများနှင့် အတူ ရှိပါကြောင်း၊ ရေဘေးသင့်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေး အပါအဝင် မြန်မာနိုင်ငံဘက်မှ လိုအပ်ချက်များကို တရုတ်နိုင်ငံက ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် အလွန် အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား သဘောတူညီချက် တစ်ရပ် ရရှိခဲ့ကြောင်း၊ တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက် တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွားကို အခြေခံ၍ ဆက်ဆံရေး တိုးတက်စေခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်ခြင်း၊ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ရေ စီမံခန့်ခွဲမှု ကောင်းမွန်စေရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးတို့ပါဝင်ခဲ့ကြောင်းလည်း တရုတ် သံအမတ်ကြီးက ပြောခဲ့သည်။
ထို့အပြင် ၎င်းက “မြန်မာနိုင်ငံ အစိုးရရဲ့ စိတ်ဓာတ်ခိုင်မာစွာ ဦးဆောင် ဦးရွက်ပြုမှု၊ မြန်မာနိုင်ငံရှိ လူမှုရေး နယ်ပယ် အသီးသီးရဲ့ တက်ကြွစွာ အားပေးမှု၊ တရုတ်နိုင်ငံနှင့်တကွ အိမ်နီးချင်းကောင်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်မှန်သော အကူအညီ ပေးအပ်မှု အောက်တွင် မြန်မာ ပြည်သူလူထုတို့ဒီ သဘာဝ ဘေးအန္တရာယ်ကြီးကို အောင်မြင်စွာ တွန်းလှန် နိုင်မယ်လို့ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ပြောခဲ့သည်။
ရေဘေးသင့် ပြည်သူများ အတွက်၂၀၁၆ သြဂုတ်လ ၂ ရက်မှ ယနေ့အထိ အလှူရှင်များထံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ပေးလှူငွေ ရရှိမှုမှာ ကျပ် ၁,၀၃၅ ဒသမ ၀၈၈ သန်း ရရှိခဲ့ကြောင်း၊ သဘာဝဘေးသင့် ပြည်သူများအတွက် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့က အလှူငွေများ ပေးပို့ခဲ့ရာ ၂၀၁၆ ဧပြီလ မှစပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ ဆိုလျှင် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၄,၁၈၇ ဒသမ ၃ သန်း၊ ပြည်ထောင်စု ဝန်ကြီးဌာန ဘတ်ဂျက်မှ ကျပ် ၉၂၇ ဒသမ ၇၄၅ သန်းတို့ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.