Connect with us

Social

တက္ကသိုလ် ၄ ခုမှ ကျောင်းသား/သူ ၆၀၀ အား ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် CFPA မြန်မာ ကိုယ်စားလှယ်ရုံး ထူထောင်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ ရန်ကုန် အရှေ ့ပိုင်း တက္ကသိုလ် ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် နှင့် ဒဂုံ တက္ကသိုလ် တို့မှ ကျောင်းသား/သူ ၆၀၀ အား ပညာသင်နှစ် ၄ နှစ်တာ အတွက် ပညာသင် စရိတ်များအား တရုတ်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA)မှ ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ခြင်း စီမံကိန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယနေ့သြဂုတ် ၅ ရက်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး မစ္စတာ ချန်းချန်က လူငယ်များသည် အနာဂတ် ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး၏ မျှော်လင့်ချက် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူးကြီး မစ္စတာ ချန်းချန်က အဖွင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဟာ မြန်မာနိုင်ငံ တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေး တိုးမြှင့်ရေး နဲ့တရုတ်-မြန်မာ ဆက်ဆံ ဖလှယ် ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် ပိုမို ကောင်းမွန်သော အရေးပါ အရာ ရောက်မှုများ ပေးစွမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်။လူငယ်တို့ရဲ့ပညာရေးဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရဲ့ အနာဂတ် နဲ့သက်ဆိုင်ပါတယ်။”ဟု သံမှူးကြီး မစ္စတာ ချန်းချန်က ပြောကြားခဲ့သည်။

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသား သူများနှင့် တာဝန်ရှိသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA) မြန်မာကိုယ်စားလှယ်ရုံးကို ယနေ့ဖွင့်လှစ်ခဲ့ရာ (CFPA) ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Mr.Wang Xingzui က တရုတ်နှင့်မြန်မာသည် ရေမြေ ဆက်စပ်နေသည့် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများသည်လည်း ဆွေမျိုးပေါက်ဖော်ဟု အချင်းချင်း ခေါ်ဝေါ်ကြကြောင်း ၊ ထို့ကြောင့် ပညာသင်စရိတ် အစီအစဉ်ကို ပေါက်ဖော် ပညာသင် စရိတ်ဟု အမည်တွင်ရသည့် အကြောင်းရင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် CFPA မြန်မာ ကိုယ်စားလှယ်ရုံး ထူထောင်ခြင်း အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

ပေါက်ဖော် ပညာသင်စရိတ် ထောက်ပံ့ခြင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ ပညာသင်စရိတ် အခက်အခဲရှိသော တက္ကသိုလ် ကျောင်းသားများကို ထောက်ပံ့ပေးနိုင်ရုံမျှသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတို့၏ ဆက်ဆံရေးကို ပိုမို တိုးမြှင့်စေနိုင်ရန် မျှော်လင့်ကြောင်း (CFPA) ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Mr.Wang Xingzui က ပြောကြားခဲ့သည်။

ပေါက်ဖော် ပညာသင် စရိတ် ထောက်ပံ့ခြင်း စီမံကိန်းအရ တက္ကသိုလ် ၄ ခုမှ ကျောင်းသား/သူ ၆၀၀ အား တစ်ဦးကို တစ်နှစ်လျှင် ၃ သိန်းနှုန်းဖြင့် ပညာသင်နှစ် ၄ နှစ်တာ အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA)သည် လူသားချင်း စာနာ အကူအညီပေးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးသော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ထိုအခမ်းအနားသို့ပညာရေး ဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ သိန်းဝင်း ၊ အောက်မြန်မာပြည် ပညာဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ နေဝင်းဦး ၊ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာမှ ဒေါ်စန္ဒာဦး နှင့် ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ ဒဂုံ တက္ကသိုလ် ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ၊ ရန်ကုန် အရှေ ့ပိုင်း တက္ကသိုလ် ၊ ရန်ကုန် ပညာရေး တက္ကသိုလ် ၊ အမျိုးသား စီမံခန့်ခွဲမှု ပညာ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)