Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံး ၊ ၁၉ ဦးအပြင်းအထန်ဒဏ်ရာရ

ကင်မရွန်းနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ဖြစ်ပွားသော ယာဉ်မတော်တဆမှုမြင်ကွင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ယောင်အွန်ဒေး၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကင်မရွန်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက် နံနက်အစောပိုင်းကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွင်း လူပေါင်း ၃၇ ဦးသေဆုံးပြီး အခြား ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် နိုင်ငံအလယ်ပိုင်း Mbam-et-Inoubou တိုင်းဒေသကြီး Ndikinimeki မြို့တွင်ဖြစ်ပွားခဲ့သည်။ လူ ၇၀ ဆံ့ ဘတ်စ်ကားတစ်စီးသည် အရှိန်လွန်မောင်းနှင်ရာမှ ကုန်တင်ယာဉ်ရပ်နားဝင်းတစ်ခုအတွင်း မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း Mbam-et-Inoubou စီရင်စုမှူး Monono ၏ ပြောကြားချက်အရ သိရသည်။

“ ဘတ်စ်ကားဟာ အရှိန်မထိန်းနိုင်ဘဲ Namale တံတားဘောင်ကိုကျော်ပြီး စမ်းချောင်းထဲကို ထိုးဆင်းသွားတယ် ၊ ပြီးတော့ စမ်းချောင်းရဲ့ ကမ်းပါးနံရံကို တိုက်မိပြီး ရပ်သွားတယ်” ဟု Monono က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဖြေကြားခဲ့သည်။ ထို့ပြင် ယာဉ်မတော်တဆမှုအတွင်း လူ ၁၉ ဦးအပြင်းအထန် ဒဏ်ရာရသွားကြောင်း ၎င်းတို့အား ဒေသတွင်းဆေးရုံတစ်ခုသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း Monono က ဖြည့်စွက်ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကင်းမရွန်းနိုင်ငံတွင် နိုင်ငံအတွင်းရှိ ဆိုးဝါးပျက်စီးနေသော လမ်းများ နှင့် ယာဉ်မောင်းများ၏ အဆင်ခြင်မဲ့မောင်းနှံမှုများကြောင့် ထိုကဲ့သို့သော ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် ခန့်မှန်းခြေလူပေါင်း ၁,၅၀၀ ခန့်သေဆုံးနေရကြောင်း သိရသည်။(Xinhua)