Connect with us

Africa & Middle East

ကမ္ဘာ့ရှေးအကျဆုံး တက်တူးကို အီဂျစ် မမ်မီများတွင် တွေ့ရှိ


လန်ဒန်၊ မတ် ၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံမှ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော မမ်မီရုပ်အလောင်း နှစ်ခုတွင် ကမ္ဘာ့ ရှေးအကျဆုံးဟု ထင်ရသည့် တက်တူးများအား သုတေသီများက တွေ့ရှိခဲ့ကြောင်း နောက်ဆုံး လေ့လာမှုတစ်ရပ် အရ သိရသည်။

အမျိုးသား မမ်မီရုပ်အလောင်း တစ်ခု၏ လက်မောင်း အပေါ်ဘက်၌ ကျွဲရိုင်း တစ်ကောင်နှင့် သိုးရိုင်း တစ်ကောင်၏ ပုံအား ပုံဖော်ရေးဆွဲထားပြီး အမျိုးသမီး မမ်မီရုပ်အလောင်း၏ လက်မောင်း အပေါ်ဘက်နှင့် ပခုံးတွင်မူ အလှတန်ဆာဆင်ထားသော အင်္ဂလိပ်အက္ခရာ “S” ပုံအား ရေးထိုးထားခြင်း ဖြစ်သည်။

ထို မမ်မီရုပ် နှစ်ခုအား Upper Egypt ၏ တောင်ဘက်ရှိ Gebelein တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည် ၎င်းတို့မှာ ဘီစီ ၃,၃၅၁ နှင့် ၃,၀၁၇ အကြား အသက်ရှင်နေထိုင်ခဲ့သူများ ဖြစ်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သည်။

ဗြိတိန် ပြတိုက်တွင် ပြသထားသော ကမ္ဘာ့ရှေးအကျဆုံး တက်တူးများ တွေ့ရှိခဲ့သည့် မမ်မီရုပ်အလောင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိသျှ ပြတိုက်တွင် ထိန်းသိမ်း ပြသထားသည့် ထို အမျိုးသား မမ်မီရုပ်၏ တက်တူးများအား အနီအောက်ရောင်ခြည်ဖြင့် သေချာစစ်ဆေးကြည့်ရှုပြီး တိရစ္ဆာန်များ၏ ဦးချို အနည်းငယ်ထပ်နေသည်ကို မတွေ့ရှိမီက အရေးမကြီးသော မင်စွန်းပေနေသည်ဟုသာ တွေးထင်ခဲ့သည်။ ၎င်းတို့သည် ထိုတက်တူးများအား စွမ်းအားနှင့် သန်စွမ်းခြင်း၏ သင်္ကေတများအဖြစ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယခင် သုတေသန တွေ့ရှိချက်အရ အမျိုးသားမမ်မီသည် ကျောကုန်း၌ ဓားထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်ဟန်တူကြောင်း သိရသည်။

ယခုလို နောက်ဆုံး တွေ့ရှိချက် မထွက်ရှိမီက ဘီစီ ၃,၃၇၀ နှင့် ၃,၁၀၀ အကြား နေထိုင်ခဲ့ဖွယ်ရှိပြီး အယ်လ်ပိုင်း မမ်မီဟု လူသိများသော Otzi ပေါ်တွင် ရေးထိုးထားသည့် တက်တူးက ရှေးအကျဆုံးအဖြစ် တည်ရှိခဲ့သည်။

ယခု နောက်ဆုံး တွေ့ရှိချက်အား ဗြိတိန် အခြေစိုက် Archaeological Science ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.