Connect with us

Africa & Middle East

ဆိုမာလီယာ၌ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာ ၁ဝ သန်း လိုအပ်နေကြောင်း WHO ပြော

ဆိုမာလီယာနိုင်ငံတွင် ရွက်ဖျင်တဲလေးများဖြင့်နေထိုင်ရသော ဆင်းရဲသားရပ်ကွက်တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံရှိ ပြည်သူ ၁.၅ သန်းက လတ်တလောကြုံတွေ့နေရသော မိုးခေါင်ရေရှားမှု အခြေအနေ နှင့် စားနပ်ရိက္ခာအခက်အခဲများကြောင့် ကျန်းမာရေးဆိုးဝါးနေမှုများကို ဖြေရှင်းပေးနိုင်ရန် ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်း လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

၎င်းရန်ပုံငွေသည် ရောဂါဘယဖြစ်ပွားနေသည့် ဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုပေးရန် ကုလသမဂ္ဂ အေဂျင်စီအနေဖြင့် ၂၀၁၇ ခုနှစ် ပထမ ခြောက်လအတွက် အသုံးပြုသွားရန်အတွက် ကုလသမဂ္ဂမှတောင်းခံထားခြင်း ဖြစ်ကြောင်း WHO အဖွဲ့ကဆိုသည်။

“ ဆိုမာလီယာနိုင်ငံမှာ အခုလက်ရှိ မိုးခေါင်ရေရှားမှု ၊ ပတ်ဝန်းကျင်အနံ့အသက်ဆိုးဝါးမှု နဲ့ကျန်းမာရေးအခြေအနေနိုမ့်ကျလာနေမှုတွေရဲ့ ရလဒ်ကတော့ စိုးရိမ်ဖွယ်ရာအနေအထားရောက်နေပါပြီ” ဟု မြေထဲပင်လယ် အရှေ့ပိုင်း ဒေသဆိုင်ရာ WHO ညွှန်ကြားရေးမှူး Mahmoud Fikri ၏ မိုဂါဒစ်ရှူးမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

ဆိုမာလီယာနိုင်ငံ၌ လူသားချင်းစာနာမှုအကူအညီပေးရေးအခြေအနေများမှာ ဆက်လက်၍ ဆိုးဝါးလာနေကြောင်း နှင့် ပြီးခဲ့သော ၂၅ နှစ်တာကာလအတွင်း အစာရေစာငတ်မွတ်မှုအခြေအနေသည် တတိယ အမြင့်ဆုံးအဆင့် အနေအထားထိ ရောက်ရှိနေကြောင်း သိရသည်။

ဆိုမာလီယာနိုင်ငံသား ထက်ဝက်ပမာဏဖြစ်သည့် ပြည်သူ ၆.၂ သန်းကျော်သည် လူသားချင်းစာနာမှုအကူအညီများကို ချက်ချင်းလိုအပ်နေပြီး ၎င်းတို့ထဲမှ သုံးသန်းခန့်သည် စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေနှင့်ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ ၅.၅ သန်းခန့်သည် ရေကြောင့် ဖြစ်တတ်သော ရောဂါများခံစားနေရကြောင်း ၊ ၎င်းတို့အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများ နှင့် အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.