Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦး လစ်ဗျားနိုင်ငံ အနောက် ပင်လယ်ပြင်တွင် ရေနစ်သေဆုံး

ကူညီကယ်ဆယ်ထားသော တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

တူနီးရှား ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

လစ်ဗျား ရေတပ်က ဧပြီလ ၂၂ ရက်တွင် အနောက်ပိုင်းမြို့ Sabrata အနီး ပင်လယ်ပြင်၌ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၁ ဦး၏ရုပ်လောင်းများကို တွေ့ရှိဆယ်ယူခဲ့ပြီး လူ ၈၃ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

လူ ၉၄ ဦး လိုက်ပါလာသည့် ရာဘာရေယာဉ်သည် Sabrata မြို့ မြောက်ဘက် ၈ ကီလိုမီတာအကွာတွင် စက်ချို့ယွင်းမှုကြောင့် ရပ်တန့်ခဲ့ကြောင်း၊ လစ်ဗျားရေတပ် ကမ်းစပ်လုံခြုံရေးကင်းလှည့်အဖွဲ့မှ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊သေဆုံးသူ ၁၁ ဦးမှာ ကမ်းစပ်သို့ ရေကူးသွားရာတွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကယ်ဆယ်ထားသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် အာဖရိကတိုက်နိုင်ငံများမှ လာခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့အား Sabrataမြို့ လက်ခံရေးစခန်း တစ်ခုသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း လစ်ဗျားရေတပ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရာသီဥတု ပူနွေးလာသောကြောင့် ယခုရက်ပိုင်းများတွင် လစ်ဗျားပင်လယ်ပြင်၌ တရားမဝင် ခိုးဝင်သူ သိသိသာသာ များပြားလာသည်။၂၀၁၁ ခုနှစ်မှစပြီး လစ်ဗျား နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်ခဲ့ခြင်းကြောင့် အစိုးရက ပင်လယ်ကမ်းရိုး တန်းတလျှောက်နှင့် နယ်စပ်တစ်လျှောက်တွင် ထိရောက်သည့် စီမံခန့်ခွဲမှုများမလုပ်ဆောင်နိုင်သောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများက လစ်ဗျားမှတစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပနိုင်ငံများသို့ သွားရောက်ကြခြင်းဖြစ်သည်။ (Xinhua)