Connect with us

Africa & Middle East

တူရကီစစ်လေ့ကျင့်ရေးလေယာဉ် ပျက်ကျ၊ စစ်သား ၃ ဦးသေဆုံး

တူရကီနိုင်ငံတွင် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ စစ်ဘက်ဆိုင်ရာ CASA အမျိုးအစား ကုန်ပစ္စည်းတင်လေယာဉ် တစ်စင်းသည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ဇန်နဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းက တူရကီနိုင်ငံ အစ္စပါတာပြည်နယ် တောင်ပိုင်း၌ ပျက်ကျခဲ့ပြီး တူရကီနိုင်ငံသား လေယာဉ်ဝန်ထမ်း သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် Egirdir ကန်အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်တွင် သေဆုံးသွားသူများမှာ လေယာဉ်မှူး နှစ်ဦးနှင့် စက်ပိုင်းဆိုင်ရာပညာရှင် တစ်ဦး သေဆုံးခဲ့ကြောင်း တူရကီ စစ်တပ်က အတည်ပြုပြောကြားခဲ့သည်။

ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နေ့လယ် ၁၂း၅၀ နာရီဝန်းကျင်က ရေဒါဆက်သွယ်မှုမှ ပျောက်ကွယ်သွားခဲ့ကြောင်း၊ ပျက်စီးသွားသော လေယာဉ်ရှိရာသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လေယာဉ် ပျက်စီးရခြင်း အကြောင်းရင်းအား မသိရှိရသေးကြောင်း၊ သို့သော်လည်း လေယာဉ် ပျံသန်းနေစဉ် မြူခိုးများထူထပ်ပြီး ရာသီဥတုဆိုးဝါးနေကြောင်း အစ္စပါတာပြည်နယ် အုပ်ချုပ်ရေးမှူး Sehmus Gunaydin က ပြောကြားခဲ့သည်။

CASA CN-235 လေယာဉ်သည် အလယ်အလတ်ခရီးအကွာအဝေးသွား အင်ဂျင် နှစ်လုံးတပ်လေယာဉ်ဖြစ်ပြီး စပိန်နိုင်ငံ လေယာဉ်တည်ဆောက်ရေးလုပ်ငန်းနှင့် အင်ဒိုနီးရှားနိုင်ငံ လေကြောင်းလုပ်ငန်းက ပူးတွဲ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

တူရကီနိုင်ငံမှ မီဒီယာအဆိုအရ လက်ရှိတွင် ထိုလေယာဉ်အမျိုးအစားအား တူရကီနိုင်ငံ လေတပ်၌ ပမာဏများများ အသုံးပြုလျက်ရှိပြီး ယခုတစ်ကြိမ်မတိုင်မီ သုံးကြိမ် ပျက်ကျခဲ့ဖူးကြောင်း သိရသည်။

အခြား ကြောက်မက်ဖွယ် လေယာဉ် ပျက်ကျမှုမှာ ၂၀၀၁ ခုနှစ်က တူရကီနိုင်ငံ အရှေ့ပိုင်းတွင် လေယာဉ်ဝန်ထမ်းနှင့် စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ဝင်များ အပါအဝင် ၃၀ ဦးတင်ဆောင်လာသော CN-235 ပို့ဆောင်ရေးလေယာဉ် ပျက်ကျခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိခဲ့ကြောင်း သိရသည်။ (Xinhua)