Connect with us

Africa & Middle East

တူရကီတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယားအစိုးရကို တူရကီနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆို

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

တူရကီတပ်ဖွဲ့ယာဉ်တန်းအား ဆီးရီးယားတိုက်လေယာဉ်များက တိုက်ခိုက်ခဲ့သည့်အတွက် တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusogluက ဆီးရီးယားအစိုးရကို သြဂုတ် ၂၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။ တူရကီအနေဖြင့် တပ်ဖွဲ့ဝင်များ၏လုံခြုံရေးအတွက် လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တူရကီတပ်ဖွဲ့ယာဉ်တန်းသည် ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပ်(Idlib)ပြည်နယ်အတွင်းရှိ အမှတ် ၉ စောင့်ကြည့်ရေး စခန်းသို့ မောင်းနှင်စဉ် လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း ၊ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သလို ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် တူရကီနှင့်ရုရှားအကြားထားရှိသော သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ကြေညာချက်တွင် ဝေဖန်ထားသည်။ အဆိုပါတိုက်ခိုက်မှုကို ဆီးရီယား မီဒီယာများကလည်း အတည်ပြုထားကြောင်း သိရသည်။

တူရကီတပ်ဖွဲ့ဝင်များနှင့်စောင့်ကြည့်ရေးစခန်း၏ လုံခြုံရေးအတွက် တူရကီအနေဖြင့် လိုအပ်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိအနေဖြင့် အမှတ် ၉ စောင့်ကြည့်ရေး စခန်း ကို ဖျက်သိမ်းမည်မဟုတ်ကြောင်း Mevlut Cavusogluက သြဂုတ် ၂၀ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အိုင်ဒလစ်ပ်ပြည်နယ်သည် တူရကီနိုင်ငံနှင့်ဆက်စပ်နေပြီး ၎င်းမှာ ဆီးရီးယားနိုင်ငံအတွင်း ဆန့်ကျင်ရေးလက်နက်ကိုင်နှင့် အစွန်းရောက်အဖွဲ့အစည်းများ၏ နောက်ဆုံး ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော စက်တင်ဘာလက ရုရှားနိုင်ငံ ဆိုချီမြို့တွင် ရုရှားနှင့်တူရကီနှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီမှုရရှိခဲ့ရာ အိုင်ဒလစ်ပ်ပြည်နယ်တွင် အစိုးရတပ်နှင့် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များအကြား စစ်မဲ့ဇုန် ၁၅ ကီလိုမီတာမှ ကီလိုမီတာ ၂၀ အထိ ထားရှိရန်နှင့် အစွန်းရောက်အဖွဲ့များကို ယင်းစစ်မဲ့ဇုန်မှ တိုက်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ လက်ရှိတွင် ဆီးရီးယား အိုင်ဒလစ်ပ်၌ တူရကီ စစ်တပ်၏စောင့်ကြည့်ရေးစခန်း ၁၂ ခုရှိရာ ဆီးရီးယားအစိုးရတပ်နှင့် ဆန့်ကျင်ရေး လက်နက်ကိုင်များ အကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်ကို အကောင်အထည်ဖော်မှုရှိမရှိအား စောင့်ကြည့်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။ (Xinhua)