Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ က ပင်လယ်ဓားပြ ကဲ့သို့သော ပုံစံမျိုးဖြင့် ဆီးရီးယား နိုင်ငံ ၏ ရေနံများ အား ခိုးယူကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်ဝေဖန်

ဆီးရီးယား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Walid Muallem အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သို့ သွားရောက် လည်ပတ်နေသည့် ဆီးရီးယား  နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Walid Muallem က ဒီဇင်ဘာ ၂၃ ရက် ၌ အမေရိကန် နိုင်ငံ သည် ပင်လယ်ဓားပြ ကဲ့သို့သော ပုံစံမျိုးဖြင့် ဆီးရီးယား နိုင်ငံ ၏ ရေနံများ အား ခိုးယူပြီး မောင်းသူမဲ့ လေယာဉ်များ ဖြင့် ဆီးရီးယား နိုင်ငံ ၏ ရေနံချက် စက်ရုံများ အား တိုက်ခိုက်ခဲ့ကြောင်း ပြစ်တင် ဝေဖန် ခဲ့သည်။

Muallem က လက်ရှိချိန် သည် ဆီးရီးယား နိုင်ငံ ၌ ရေနံ အရေးပေါ် လိုအပ်နေသည့် ဆောင်းရာသီ အချိန်ကာလ ဖြစ်ချိန် တွင် အမေရိကန် နိုင်ငံ က ဆီးရီးယား နိုင်ငံ ရှိ ရေနံချက် စက်ရုံ အား မောင်းသူမဲ့ လေယာဉ်များ ဖြင့် တိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ လက်နက် အင်အား အသုံးပြု၍ အခြား နိုင်ငံ ၏ အရင်းအမြစ် ကို ခိုးယူ သည့် ဆောင်ရွက်မှုမျိုး သည် ပင်လယ်ဓားပြ ကဲ့သို့သော အပြုအမူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၂၀ ရက် ညနက်ပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ အလယ်ပိုင်း Homs ပြည်နယ်ရှိ ရေနံချက် စက်ရုံ တစ်ရုံ ၊ သဘာဝဓာတ်ငွေ့ စက်ရုံ တစ်ရုံ နှင့် သဘာဝဓာတ်ငွေ့ ဆိုင် တစ်ဆိုင် တို့ က တိုက်ခိုက်မှု ခံခဲ့ရ ပြီး လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွား ခဲ့သည်။

ယခုနှစ် အောက်တိုဘာ လ တွင် အမေရိကန် နိုင်ငံ က ဆီးရီးယား အတွင်း ရှိ ရေနံမြေ များ ၏ လုံခြုံရေး အာမခံချက် ရှိရန် အတွက် ဆီးရီးယား နိုင်ငံ တွင် အမေရိကန် တပ်ဖွဲ့ အနည်းငယ် ချထား မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)