Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွင် အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား၊ လူ ၁၃ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အသေခံဗုံးခွဲမှုကြောင့် ပျက်စီးသွားသည့် ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar တွင် အောက်တိုဘာလ ၂ ရက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု၌ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်က ပြည်နယ်မြို့တော် ဂျာလာလာဘတ် အရှေ့ဘက် Kama ခရိုင် Sangar Saray မှာ လွှတ်တော် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း နေအိမ်မှာ နေ့လယ်ဘက် ဖြစ်ပွားခဲ့တာပါ။ ခရိုင်တာဝန်ရှိသူများက ပေးပို့တဲ့ ကနဦးသတင်းအချက်အလက်အရ ပေါက်ကွဲမှုမှာ လူ ၁၃ ဦးသေဆုံးပြီးတော့ အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အသေခံဗုံးဖောက်ခွဲမှုအတွင်း ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း Abdul Nasir Mohmand ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူလည်း နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြထားသည်။

ယခုလုပ်ဆောင်နေဆဲ စုံစမ်းစစ်ဆေးမှုများပြီးနောက် ဗုံးပေါက်ကွဲမှုအကြောင်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Attaullah Khogyani က ဆင်ဟွာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အာဖဂန်နိုင်ငံတွင် အောက်တိုဘာလ ၂၀ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို နိုင်ငံတစ်ဝန်း စက်တင်ဘာလ ၃၀ ရက်က စတင်ပြုလုပ်ခဲ့သည်။

စုစုပေါင်း ပြည်နယ် ၃၄ ခုအနက် ဂါ့ဇ်နီပြည်နယ်မပါဝင်ဘဲ ပြည်နယ် ၃၃ ခုမှ ကိုယ်စားလှယ်လောင်း ၂,၆၉၁ ဦးက လွှတ်တော်နေရာ ၂၄၉ နေရာအတွက် ယှဉ်ပြိုင်မည် ဖြစ်ပြီး စစ်ဒဏ်ခံနေရသောနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။

ယခုနှစ်အတွင်း အာဖဂန်နိုင်ငံတွင် ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများအတွင်း ကိုယ်စားလှယ်လောင်း ၇ ဦးအပါအဝင် လူ ၅၀ ဦး ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.