Connect with us

Africa & Middle East

ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က ယီမင်ထိန်းသိမ်းရေးစခန်းအား လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ဝ ရှိကြောင်း ICRC ပြော

ယီမင်ထိန်းသိမ်းရေးစခန်းတစ်ခုကို ဆော်ဒီဦးဆောင်သော တပ်ဖွဲ့ က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ အဲဒီ အကျဉ်းစခန်းမှာ လူပေါင်း ၁၇ဝ ခန့်ကို ထိန်းသိမ်းထားပါတယ်။ ၄ဝ လောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ ကျန်တဲ့လူတွေကတော့ သေဆုံးသွားကြပြီးလို့ယူဆရပါတယ်။ ဒါပေမယ့်အတည်တော့မပြုနိုင်သေးပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အလောင်းအားလုံးကိုရဖို့ ရက်အတန်ကြာ အချိန်ယူရပါမယ် ” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အပျက်အစီးပုံအတွင်း ပိမိနေသူများကို ကူညီရန် နှင့် ဒဏ်ရာရသူများကို ကူညီရန် ICRC ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် မြို့တော် ဆန်နာမှ အချင်းဖြစ်ပွားရာ Dhamar မြို့သို့ သွားရောက်ပြီး နာရီအနည်းငယ်အကြာတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ အပျက်အစီးပုံအောက်မှာ ပိမိနေတဲ့ အလောင်းတွေကို မြင်ရတာ အရမ်းကို ထိတ်လန့်စရာကောင်းပါတယ်။ ပျက်စီးဆုံးရှုံးမှုကလည်း သိပ်ကိုကြီးမားပါတယ်” ဟု အချင်းဖြစ်နေရာသို့ရောက်ရှိနေသည့် ICRC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Franz Rauchenstein က ထုတ်ပြန်ချက်တွင် ဆိုသည်။

သေဆုံးသွားသူများသည် တိုက်ပွဲများအတွင်း ယီမင်အစိုးရ တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံရသူများဖြစ်ကြောင်း ဟူတီများက ဆိုသည်။အဆိုပါ ထိန်းသိမ်းရေးစခန်း တည်ရှိနေခြင်းကို ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့နှင့် ICRC က ကောင်းစွာသိရှိကြောင်း ၎င်းတို့ကဖြည့်စွက်ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသည် စက်တင်ဘာ ၁ ရက် နေဝင်မမီအချိန်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Dhamar မြို့သည် ယီမင်နိုင်ငံ မြို့တော် ဆန်နာမှ တောင်ဘက် ၁ဝဝ ကီလိုမီတာအကွာတွင်တည်ရှိသည်။ Dhamar မြို့နှင့် ဆန်နာ မြို့နှစ်မြို့စလုံးအပါအဝင် မြောက်ပိုင်းရှိ ပြည်နယ်အချို့သည် ယီမင်သမ္မတ Abd-Rabbu Hadi နှင့် ၎င်း၏အစိုးရအဖွဲ့အား နိုင်ငံအတွင်းမှ မောင်းထုတ်ခဲ့သည့် ၂ဝ၁၄ ခုနှစ် နှောင်းပိုင်းကတည်းက ဟူတီတို့၏ထိန်းချုပ်မှုအောက်တွင် ကျရောက်ခဲ့သည်။

ဆော်ဒီအာရေးဗျနိုင်ငံသည် အာရပ်စစ်ဘက်မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်ကာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသော ဟူတီများအား တိုက်ခိုက်နေသည်မှာ ၄ နှစ်ကျော်ကြာမြင့်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားသော Hadi အစိုးရအဖွဲ့အား ထောက်ခံအားပေးလျက်ရှိကြောင်း သိရသည်။(Xinhua)