Connect with us

Africa & Middle East

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဈေးတစ်ခုတွင် ယခင်က ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှု အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့ ရှိ ဈေးတစ်ခုတွင် မတ် ၂၀ ရက် က ကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ဦးသေဆုံးခဲ့ပြီး ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဘဂ္ဂဒက်မြို့တောင်ဘက် ရှီးယိုက်အများစု ရှိရာ Amil ဒေသ ရှိ လူစည်ကားရာ ဈေးတစ်ခု တွင် ရပ်ထားသော ကားတစ်စီး သည် မတ်လ ၂၀ ရက် ညနေပိုင်းက ပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

အဆိုပါ ပြင်းထန်သော ကားဗုံးပေါက်ကွဲမှုကြောင့် အနီးအနား ရှိ ဆိုင်များစွာ နှင့် ဈေးတန်းများ အပါအဝင် ကားများ နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

လူနာတင်ယာဉ်များ၊ ရဲတပ်ဖွဲ့များ နှင့် ပြည်သူများ၏ မော်တော်ယာဉ်များ ဖြင့် ဒဏ်ရာရရှိသူများအား မြို့အတွင်းရှိ ဆေးရုံများ နှင့် ဆေးကုသရေးစင်တာများသို့ပို့ဆောင်ပေးနေပြီး သေဆုံးသူ ဦးရေမြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအချိန်ထိ ကားဗုံးဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း IS စစ်သွေးကြွအဖွဲ့က ယင်းကဲ့သို့ လူစည်ကားရာ နေရာများဖြစ်သည့် ဈေး၊ ကော်ဖီဆိုင် နှင့် ဗလီများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကို အဓိကထား လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

အကြမ်းဖက်လုပ်ရပ်များ၊ ပဋိပက္ခများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီလ တစ်လတည်း၌ အီရတ်နိုင်ငံသား ၃၈၅ဦးသေဆုံးခဲ့ပြီး ၆၀၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထောက်အပံ့ပေးရေး အဖွဲ့က ပြောကြားခဲ့သည်။

IS အကြမ်းဖက်အုပ်စု ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်များက ကျောထောက်နောက်ခံပေးထားသည့် အီရတ် လုံခြုံရေးတပ်ဖွဲ့များက ISတို့၏ နောက်ဆုံး အဓိက ခြေကုပ်ယူထားသော အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူးလ်မြို့ မှ ISတို့အား မောင်းထုတ်ရန် ထိုးစစ်ဆင်မှုများ အပြင်းအထန်လုပ်ဆောင်ပြီးနောက် ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.