Connect with us

Africa & Middle East

IS တို့ကိုတိုက်ထုတ်နိုင်ခဲ့ပြီး မိုဆူးလ်မြို့ လွတ်မြောက်သွားပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်ကြေညာ

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi မိုဆူးလ်မြို့ ရှိ စစ်တပ်အရာရှိများအား လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မိုဆူးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံဝန်ကြီးချုပ် Haider al-Abadi သည် မိုဆူးလ်မြို့သို့ ဇူလိုင် ၉ ရက်တွင်ရောက်ရှိလာခဲ့ပြီး စစ်သွေးကြွတို့၏ သုံးနှစ်ကြာအုပ်ချုပ်မှု အောက်မှ မိုဆူးလ်မြို့လွတ်မြောက်အောင် IS စစ်သွေးကြွများ နှင့် ရက်ပေါင်း ၂၆၆ ရက်ကြာ စစ်ပွဲများဆင်နွှဲခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့၏ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

IS စစ်သွေးကြွတို့၏ ထိန်းချုပ်မှုအောက်မှ မိုဆူးလ်မြို့လွတ်မြောက်လာခြင်းသည် အီရတ်နိုင်ငံ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စစ်ပွဲတွင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သော်လည်း စစ်ပွဲများ ဖြစ်ပွားခဲ့သည့် နိုင်ငံ အနေဖြင့် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး နှင့် ပြန်လည်စုစည်းရေးတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်၏ မြို့တော် နှင့် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်မြို့ရှိ IS စစ်သွေးကြွများအား တိုက်ထုတ်ရန် ကိုးလကြာ စစ်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် အီရတ်တပ်ဖွဲ့သည် ယင်းမြို့အားလွတ်လပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

အီရတ် နှင့် ဆီးရီးယား တွင် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် IS စစ်သွေးကြွအုပ်စုခေါင်းဆောင် Sheikh Abu Bakr al-Baghdadi သည် ၂၀၁၄ခုနှစ်တွင် မိုဆူးလ်မြို့၌ IS စစ်သွေးကြွအုပ်စုကို ထူထောင်ကြောင်း ကြေညာခဲ့ပြီး ယခုကဲ့သို့ မိုဆူးလ်မြို့ သည် အီရတ်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခြင်းမှာအီရတ်တွင် IS စစ်သွေးကြွတို့ ပြိုကွဲသွားခြင်း၏ လက္ခဏာတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)